ကိုဗစ်-၁၉ ကာလ ဖြေလျှော့ချက်များ ပြုလုပ်အပြီး သြစတေးလျ နိုင်ငံ Queensland တွင် ဉာဏ်ရည်ဉာဏ်သွေးပိုင်ဆိုင်ရာ မသန်စွမ်းသူ လုပ်သား ၁၀၀၀ ခန့် အလုပ်ပြန်ဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့ထဲမှ ၇၀ ဦးခန့်သည် Bundaberg မြို့ရှိ Endeavour Foundation တွင် အလုပ်လုပ်ကြပြီး နာမည်ကြီး ကုန်တိုက်ကြီးများအတွက် အာလူးအိတ်များ အထုပ်ထုပ်ခြင်း၊ ပန်းပွင့်များ ခူးသီခြင်း၊ နာမည်ကျော် အချိုရည်ဘူးများကို ဘူးများအတွင်း ထည့်သွင်းခြင်း စသော အလုပ်အကိုင်အမျိုးမျိုးကို ပြန်လည် လုပ်ကိုင်နေပြီဖြစ်သည်။
မန်နေဂျာဖြစ်သူ ရောဘတ် ကမ်းဘဲ (Robert Campbell) က သူ၏ အလုပ်သမားများမှာ လုပ်ငန်းခွင်ပြန်ဝင်ရောက်ရခြင်းအပေါ် စိတ်လှုပ်ရှားနေကြသည်ဟု ဆိုသည်။
သူက “သူတို့ လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း ပြန်တွေ့နိုင်တာက တကယ့်ကို အဓိပ္ပါယ်အများကြီးရှိပါတယ်ဗျာ။ ကျွန်တော့်လူတွေ တနေ့တနေ့ အလုပ်လုပ်နေကြတာ အံ့မခန်းပါပဲ” ဟု ဆိုသည်။
မသန်စွမ်းဝန်ထမ်းများအား ကူညီကာ အလုပ်များပေးထားသည့် Endeavour Foundation သည် Bundaberg Brewed Drinks ဖျော်ရည်လုပ်ငန်းနှင့် ချိတ်ဆက်ကာ အချိုရည်ဘူးများအား ပါကင်ထုတ်ခြင်းကဲ့သို့သော အလုပ်များကို ဆောင်ရွက်လျက်ရှိသည်။
Queensland ရှိ အခြားသော လုပ်သား ၉၀% ခန့်သည်လည်း များမကြာမီပင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြသည်။
မစ္စတာ ရောဘတ်က သူတို့ ဖေါင်ဒေးရှင်းရှိ မသန်စွမ်းလုပ်သားများကို ကူညီစောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများက အလွန်ဂရုစိုက်ကြသည်မှာ မှန်သော်လည်း လုပ်ငန်းခွင်တွင် သူတို့ရရှိသော တဦးနှင့် တဦး ခင်မင်ရင်းနှီးမှုများမှာ မည်သည့်အရာမျှ အစားထိုးမရနိုင်ဟု ဆိုသည်။
“သူတို့က တကယ့် လူရင်းတွေဖြစ်နေကြတာဗျ။ ကျွန်တော်တို့အနေနဲ့ သူတို့အားလုံးကို စောင့်ရှောက်နိုင်အောင် ကြိုးစားရပါတယ်။ သူတို့အတွက် ရုံးတွင်းဈေးဆိုင် Canteen တစ်ခုလည်း လုပ်ထားပေးပြီးတော့ မုန့်တို့၊ ဝက်အူချောင်းတို့၊ အာလူးကြော် ဒါမှမဟုတ် ကော်ဖီတွေ သောက်နိုင်အောင်လည်း လုပ်ပေးထားပါတယ်” ဟု ပြောကြားခဲ့သည်။
မန်နေဂျာ ရောဘတ်ကင်းဘဲလ်
လုံခြုံဘေးကင်းရေးသည် ၎င်းတို့အတွက် အရေးအကြီးဆုံးဖြစ်ကြောင်းနှင့် Queensland ပြည်နယ်ချင်းဆက် ဂိတ်များ ဖွင့်လှစ်ခဲ့ပြီဖြစ်သော်လည်း Victoria ပြည်နယ်ဘက်မှ လာသူများမှာ Quarantine ဝင်ရဦးမည်ဖြစ်ရာ လုပ်ငန်းခွင်သို့ အားလုံးပြန်လည်ဝင်ရောက်နိုင်မည့်နေ့ကို မျှော်လင့်နေကြောင်း ရောဘတ်က ပြောကြားခဲ့သည်။
The Endeavour Foundation ၏ လုပ်ငန်းများကို ကိုဗစ်-၁၉ ကြောင့် ဘေးကင်းရေးစည်းမျဉ်းများ တင်းကြပ်စွာချမှတ်၍ လုပ်ဆောင်ခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: ABC Australia, Queensland Government Australia, MYGC Australia
Images: ABC Wide Bay: Scott Lamond