တောင်အမေရိက နိုင်ငံဖြစ်သည့် ဘရာဇီးသည် ကမ္ဘာပေါ်တွင် သံသတ္ထုရိုင်းများ အများဆုံးတင်ပို့သည့် နိုင်ငံတစ်ခုဖြစ်ပြီး ယခုအခါ ကိုဗစ်ကပ်ဘေးကြောင့် နိုင်ငံမှာ များစွာအကြပ်အတည်းတွေ့နေရသည်။
မေလ ၂၉ ရက်နေ့အထိ ဘရာဇီးနိုင်ငံတွင် ကိုရိုနာကူးစက်သူပေါင်း ၄၃၉၀၀၀ ကျော်လာနေပြီဖြစ်၍ သေဆုံးသူဦးရေမှာ ၂၆၇၆၄ ဦးထိရှိလာပြီဖြစ်သည်။
လက်တင်အမေရိက နိုင်ငံများသည် ကိုရိုနာကူးစက်မှုအများဆုံး ဗဟိုချက်မနေရာဖြစ်လာခဲ့ပြီး နောက်ပိုင်းရက်များတွင် နေ့စဉ်ကူးစက်သူ၏ ၄၀% ထိ သေဆုံးသူ အရေအတွက်ရှိလာပြီဖြစ်သည်။
ဘရာဇီး အပါအဝင် ကမ္ဘာအရပ်ရပ်ရှိ သံသတ္ထုတူးဖေါ်ရေးလုပ်ငန်များမှာ ကပ်ဘေးကြောင့် ထုတ်လုပ်မှုများ လျော့ကျလာခဲ့ပြီး အခြားတဖက်တွင်လည်း တရုတ်ပြည်၏ အဓိက သံမဏိထုတ်လုပ်ရေးအတွက် လိုအပ်သော သံရိုင်းပမာဏသည်လည်း ပိုမိုမြင့်တက်လာခဲ့သည်။
ဝယ်လိုအား ပုံမှန်ရှိနေသည့် အခြေအနေတွင် တူးဖေါ်ရေးလုပ်ငန်းများကျဆင်းသွားခြင်းကြောင့် ဈေးနှုန်း အပြောင်းအလဲများ ဖြစ်လာခဲ့ပြီး အနောက်သြစတေးလျအစိုးရ အနေဖြင့်လည်း ပြီးခဲ့သည့် နှစ်က သတ္ထုတွင်းများ ပြိုကျမှုကြောင့် တူးဖေါ်ရေး မိုင်းတွင်းများ ပိတ်ခဲ့ရသည့် ဘရာဇီးအခြေအနေကိုလည်း မြင်တွေခဲ့ပြီးဖြစ်သည်။
ရလဒ်အနေဖြင့် ပြီးခဲ့သည့် ၅ နှစ်အတွင်း ဘတ်ဂျတ်လိုအပ်ချက်ထက်ကျော်သော ဝင်ငွေကို အနောက်သြစတေးလျအစိုးရက ယမန်နှစ်က ရရှိခဲ့သည်ဟု သိရသည်။
ကိုရိုနာကပ်ဘေးကြောင့် စီးပွားရေးကျဆင်းနေသော နေ့ရက်များကို ပိုင်ဆိုင်နေရသည့် သြစတေးလျအစိုးရအတွက် သံသတ္ထုရိုင်းတခုတည်းကပင် ၃၀% ခန့် ပြန်လည် ထိုးတင်ပေးသွားနိုင်မည့် အခြေအနေကြုံလာရမည်ဟု သုံးသပ်သူများက ခန့်မှန်းလျက်ရှိသည်။
အခြေအနေကောင်းပါက သံရိုင်း ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ (သြစတေးလျဒေါ်လာ ၁၅၀) ခန့်သို့ ရောက်ရှိနိုင်မည်ဟု မျှော်လင့်နေကြသည်။
အသက် ၄၆ နှစ် အရွယ် Labor Party မှ တက်လာသည့် ယခု ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Ben Wyatt ကလည်း သတ္ထုမိုင်းတွင်းများထံမှ အခွန်အခများ (Mining Royalties) မှာ မျှော်လင့်ထားသည်ထက် ပိုမို နိုင်သည်ဟု ဆိုသည်။
ကိုရိုနာကပ်ဘေးအတွင်း သြစတေးလျ၏ အသီးအရွက်ဈေးကွက်မှာလည်း တိုးတက်လာသည်ကို တွေ့ရပြီး ယခုကဲ့သို့ ကပ်ဘေးထိန်းချုပ်နိုင်မှုများအပါအဝင် သတ္ထုတူးဖေါ်ရေးလုပ်ငန်းများပါ တွဲဖက်လုပ်ဆောင်လိုက်လျှင် နိုင်ငံ၏ စီးပွားရေးယိုပေါက်များကို ဖြည့်တန်နိုင်ကောင်းသည်ဟု တွက်ဆနေလျက်ရှိသည်။
သို့သော်လည်း အနောက်သြစတေးလျ၏ သတ္ထုတူးဖေါ်ရေး သဘာဝ၊ မိုင်းတွင်းနေရာများ တစ်ခုနှင့် တစ်ခု ဝေးလံသီခေါင်မှု စသည်တို့က ဝန်ထုပ်ဝန်ပိုးတစ်ခုတော့ဖြစ်နေဆဲဖြစ်သည်။
ထိုသို့ သီးခြားဆန်လွန်းနေမှုများကြောင့်လည်း ဒေသတွင်း ကိုရိုနာပိုးကူးစက်မှုများ လျော့ကျခဲ့ခြင်းဖြစ်သည်။
သတ္ထုလုပ်ငန်းများ ဈေးကွက်သုံးသပ်သူ Tim Treadgold က မိုင်းတွင်းများ တသီးတခြားဆန်လွန်းနေမှုကပဲ အခက်အခဲ တစ်ခုဖြစ်ကြောင်း၊ ကူးစက်မှု ကြီးကြီးမားမား မဖြစ်ခဲ့ပဲ ရှေ့ဆက်လျှောက်နိုင်ခဲ့ကြောင်း၊ ယခု အခြေအနေသည် သတ္ထုရိုင်းတူးဖေါ်ရေး နယ်ပယ်အတွက် စိတ်လှုပ်ရှားစရာ အခြေအနေဖြစ်ကြောင်း၊ သြစတေးလျသည် ဘရာဇီးထက်စာလျှင် တရုတ်ပြည်နှင့် ပိုနီးကြောင်း၊ တောင်အမေရိကမှ တရုတ်သို့ သတ္ထုရိုင်းများ သင်္ဘောဖြင့် တင်ပို့ရန် ၄၅ ရက်ကြာပြီး သြစတေးလျမှ တရုတ်သို့ ၁၂ ရက်သာ ကြာမြင့်ကြောင်းများကို သုံးသပ်ပြောဆိုခဲ့သည်။
ဘဏ္ဍာရေး ဝန်ကြီးဖြစ်သူ Ben Wyatt ကလည်း လက်ရှိဈေးကွက်အနေအထားကိုတော့ တရုတ်ပြည်က ချုပ်ကိုင်ထားဆဲဖြစ်ပြီး သတ္ထု မည်မျှရောင်းချရမည်ဆိုခြင်းမှာ တရုတ်ပြည်၏ စီးပွားရေး ပုံမှန်လမ်းကြောင်းသို့ မည်မျှ မြန်မြန်သွားလိုသည့် အခြေအနေပေါ် မူတည်နေသည်ဟု ဆိုသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: ABC News Australia, Reuters, AustMine