ဒီသတင်းကိုတော့ ထိုင်းနိုင်ငံမှာရှိတဲ့ Panasonic ရုံးချုပ်က အင်္ဂါနေ့မှာ အတည်ပြုခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှာအခြေစိုက်ထားတဲ့ အဝတ်လျှော်စက်နဲ့ ရေခဲသေတ္တာ ထုတ်လုပ်ရေးစက်ရုံတွေကို လာမဲ့နှစ်မှာ ဗီယက်နမ်ကိုရွှေ့မှာဖြစ်ပါတယ်။ Panasonic ဟာ ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတာ ၂၀၁၈ခုနှစ်ကဆိုရင် နှစ်၁၀ဝပြည့်သွားခဲ့ပြီးဖြစ်တဲ့ သက်တော်ရှည်ကုမ္ပဏီကြီးဖြစ်ပြီး အခုအခါမှာတော့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ ပိုမိုသက်သာတဲ့ ဗီယက်နမ်နိုင်ငံကို ကုမ္ပဏီရဲ့ ထုတ်လုပ်မှုတစိတ်တပိုင်းအဖြစ် ရွေ့ပြောင်းတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီစက်ရုံတွေက ဝန်ထမ်းအင်အား ၈၀၀ ကျော်ကို အလုပ်က ရပ်ဆိုင်းရတော့မှာဖြစ်ပြီး ဒီထဲက အရည်အချင်းကောင်းမွန်တဲ့ ဝန်ထမ်းတွေကိုတော့ ကျန်တဲ့ စက်ရုံတွေမှာနေရာပြန်ပေးဖို့ စဉ်းစားနေတယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ရိုက်တာသတင်းဌာနကို ပြောပြပါတယ်။
Panasonic ဟာ ၂၀၁၅ခုနှစ်တုန်းက မလေးရှားနိုင်ငံမှာ Panasonic Appliance Asia Pacific Pte ကုမ္ပဏီကို အုတ်မြစ်ချခဲ့ပြီး ဒီနေရာဟာအရှေ့တောင်အာရှရဲ့ Sales, Marketing, Manufacturing ကဏ္ဍတွေကို အဓိကကိုင်တွယ်တဲ့နေရာ ဖြစ်လာခဲ့တာပါ။ အဲဒီနောက်ပိုင်းနှစ်တွေမှာလည်း ထိုင်းနိုင်ငံက အိမ်သုံးလျှပ်စစ်ပစ္စည်း ဈေးကွက်ဟာ ဒေသတွင်းနိုင်ငံတွေမှာ ပြိုင်ဆိုင်ရအခက်ဆုံးဖြစ်ပြီး နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကလည်း တိုးတက်မှုနှေးကွေးနေတာကြောင့် ရင်းနှီးမြှပ်နှံမှုတွေကို Panasonic Thailand အတွက် အားသွန်ခွန်စိုက်မလုပ်တာကြာပါပြီ။ ခုဆိုရင် ဒေသတွင်းမှာ ရောင်းရဆုံးကုန်ပစ္စည်းတွေဖြစ်တဲ့ ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်ထုတ်လုပ်ရေးကို ဗီယက်နမ်ကိုရွေ့မှာဖြစ်တဲ့အတွက် Panasonic ဟာ ထိုင်းကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်တို့ အနောက်ကို ပို့လိုက်တဲ့သဘောပဲဖြစ်ပါတယ်။ နောက်နှစ်ဒီစက်ရုံတွေရွှေ့ပြီးရင် ထိုင်းနိုင်ငံမှာ ဆံပင်အခြောက်ခံစက်နဲ့ တခြားလျှပ်စစ်ပစ္စည်းအသေးအမွှားထုတ်တဲ့ စက်ရုံတွေတော့ ကျန်ဦးမှာဖြစ်ပြီး အဲဒီမှာတော့ အလုပ်သမား ၁သောင်းဝန်းကျင်လောက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနေဦးမှာဖြစ်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bangkok Post
Photo: Business World
0