0

ပါကစ္စတန် စတော့အိတ်ချိန်းအား သေနတ်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့

Share

တနင်္လာနေ့ မနက်ပိုင်းက ပါကစ္စတန်နိုင်ငံ ကရာချိ (Karachi) ရှိ Pakistan Stock Exchange အဆောက်အဦအား သေနတ်သမား ၄ ဦးက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စတော့ အိတ်ချိန်း လုံခြုံရေး ၂ ဦး သေဆုံးခဲ့ပြီး ရဲ ၁ ဦးနှင့် အခြား လူ ၇ ယောက်အနည်းဆုံး ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့က အဆိုပါ သေနတ်သမား ၄ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

တိုက်ခိုက်ရေးသမားများက ပင်မဝင်ပေါက်အား ဗုံးခွဲခဲ့ပြီး သေနတ်များ ပစ်ခတ်ကာ ဝင်ရောက်ခဲ့သော်လည်း စတော့အိတ်ချိန်းဝယ်ရောင်းရာ နေရာကိုမူ ရောက်ရှိနိုင်ခဲ့ခြင်းမရှိဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အာဖဂန်နစ္စတန် အခြေစိုက် Baloch Liberation Army က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

ဘလုချ် လွတ်မြောက်ရေးတပ်ဖွဲ့သည် ပါကစ္စတန်နိုင်ငံနှင့် ကပ်လျက် အာဖဂန်နစ္စတန်မှ ဖြစ်ပြီး ဘလုချ် လူမျိုးစုအတွက် ပါကစ္စတန်မှ ခွဲထွက်ရေးနှင့် ပါကစ္စတန်အတွင်းရှိ Balochistan ပြည်နယ်၏ သယံဇာတတို့ကို ပေးရန် တောင်းဆိုနေကြသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

တိုက်ခိုက်ရေးသမားများက တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမထိုးမီ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ငွေရောင် ကော်ရိုလာကားကို အသုံးပြုကာ လုံခြုံရေးများရှိသော ဝင်ပေါက်ကို ဖြတ်ကျော်ရန် ကြိုးစားခဲ့ကြသည်။

ဝင်ပေါက်ကို ဗုံးဖေါက်ခွဲခဲ့ကြပြီး စတော့အိတ်ချိန်းရှေ့ကို သေနတ်များ အဆက်မပြတ်ပစ်ခတ်ခဲ့ကြသည်ဟု ရဲအရာရှိဖြစ်သူ ရဇ်ဝန် အာမတ် (Rizwan Ahmed) က ဆိုသည်။

အိန္ဒိယသတင်းစာ Press Trust Of India ကမူ အနည်းဆုံး လုံခြုံရေး ၄ ဦးနှင့် ရဲသား ၁ ဦး သေဆုံးခဲ့ရသည်ဟု ဖေါ်ပြထားသည်။

ကရာချိမြို့ရှိရာ Sindh ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ဖြစ်သူ အီမရန် အစ္စမေး (Imran Ismail) က ယခု တိုက်ခိုက်မှုသည် အကြမ်းဖက်သမားများအပေါ် ပါကစ္စတန်နိုင်ငံ၏ အညံ့မခံလိုသော ရေရှည်စစ်ပွဲဆင်နွှဲနေမှုကို မှေးမှိန်စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သူက ရဲတပ်ဖွဲ့အား အကြမ်းဖက်သမားများကို အရှင်ဖမ်းစေလိုခဲ့ပြီး စံနမူနာယူစေမည့် ပစ်ဒဏ်ပေးခြင်းများပြုလုပ်ကာ နောက်ကွယ်မှ ကြိုးကိုင်နေသူများကို ပြသလိုနေခဲ့သည်။

သို့သော်လည်း အခြေအနေအရ တိုက်ခိုက်ရေးသမား ၄ ယောက်လုံးကို အသေပစ်ခတ်ခဲ့ရသည်ဟု ကရာချိရဲချုပ် Ghulam Nabi Memon က ပြောကြားခဲ့သည်။

တိုက်ခိုက်ရေးသမားများသည် စတော့အိတ်ချိန်းအား တိုက်ခိုက်ရုံသပ်သပ်မဟုတ်ဘဲ ဝင်ရောက်စီးနင်းနိုင်ပါက ဓါးစာခံများ အသုံးပြုကာ နောက်ထပ် အကြံအစည်များ ကျူးလွန်ဖွယ်ရှိသည်ဟု Sindh Rangers Paramilitary မှ ဗိုလ်ချုပ် အိုမာ အာမတ် (Omer Ahmed) က ဆိုသည်။

တိုက်ခိုက်ရေးသမားများထံတွင် အစားအသောက်များ၊ ရေနှင့် ကျည်အပိုတွဲများ ယူဆောင်လာခဲ့ခြင်းကြောင့် အချိန် ကြာကြာ နေရန် စီစဉ်ထားသည်ဟု သုံးသပ်ခဲ့သည်။

ယခင်ကလည်း ကရာချိမြို့သည် ရာဇဝတ်မှုများ၊ နိုင်ငံရေးနှင့် လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုများ၊ နိုင်ငံရေးသမားများနှင့် ဆက်နွယ်နေသော လက်နက်ကိုင်အုပ်စုကြီးများ ကြီးစိုးရာ မြို့ဖြစ်ခဲ့ဖူးသည်။

စတော့အိတ်ချိန်းသည် ကရာချိ မြို့လယ်ကောင်ရှိ ဘဏ္ဍာရေး အဆောက်အဦနှင့် လုပ်ငန်းများရှိရာတွင် တည်ရှိပြီး ကရာချိတွင် ပါကစ္စတန် အစိုးရဘဏ်လည်း ရုံးစိုက်သေးသည်။

စတော့ အိတ်ချိန်းမှ စတော့ပွဲစားဖြစ်သူ Yaqub Memon က သူအပါအဝင် အခြားသူများ ရုံးခန်းတွင်း ပုံးနေခဲ့ရစဉ် လုံခြုံရေး ၁ ဦးက တိုက်ခိုက်ရေးသမားများကို ရပ်တန့်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

တနင်္လာနေ့ တိုက်ခိုက်မှု မတိုင်မီ ၁ ပတ်အလိုကလည်း ကရာချိမြို့တွင်း အစိုးရလူမှုကယ်ဆယ်ရေး ရုံးရှေ့တွင် လူအများတန်းစီနေခိုက် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သေးသည်ဟု စည်ပင်သာယာဌာနမှ ဝန်ထမ်းများက ပြောကြားခဲ့သည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Hindustan Times, BBC Business, New York Times, Images: AFP, Reuters

 

%d bloggers like this: