0

ရှရှားနဲ့ OPEC အဖွဲ့ဝင်နိုင်ငံများ ရေနံထုတ်လုပ်မှုလျှော့ချရန် သဘောတူညီချက် ပျက်ပြားပြီးနောက် ကမ္ဘာ့ရေနံဈေးကွက် ကမောက်ကမဖြစ်မှာကို စိုးရိမ်မှုမြင့်တက်

Share

photo: Daily Sabah

          ကမ္ဘာ့ရေနံ တင်ပို့ရောင်းချသူများအသင်း (OPEC) ရုံးစိုက်ရာ သြစတီးရီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ပြုလုပ်တဲ့ ရုရှားနဲ့ OPEC အဖွဲ့ဝင်နိုင်ငံတွေ တွေ့ဆုံညှိနှိုင်းတဲ့ ဒီအစည်းအဝေးအပြီးမှာ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ရေနံဈေး ဆိုးဆိုးဝါးဝါးကျနေတဲ့အတွက် ရေနံတင်ပို့မှုကို လျှော့ချရန် OPEC အဖွဲ့က အဆိုပြုခြင်းကို ရုရှားက သဘောမတူဘဲကန့်ကွက်ရာကနေ အစည်းအဝေးအတွင်းတင်းမာမှုတွေ ဖြစ်ခဲ့ရတာပါ။ ဒီနောက်မှာတော့ လွန်ခဲ့တဲ့ ၃နှစ်က နားလည်မှုရထားခဲ့တဲ့ ဈေးကွက်အတွင်း ရေနံထုတ်လုပ်မှုကို အပြန်အလှန်ထိန်းချုပ်မဲ့ သဘောတူညီချက်ကို မလိုက်နာတော့ဘူးလို့ ရှရှားကကြေငြာခဲ့တာပါ။
          ပြီးခဲ့တဲ့ သောကြာနေ့ (၀၆-၀၃-၂၀၂၀) က ပြုလုပ်တဲ့ ဒီအစည်းအဝေးအတွင်း ဖြစ်ခဲ့တဲ့ တင်းမာမှုဟာ OPEC အဖွဲ့ရဲ့ ဦးဆောင်သူ ဆော်ဒီနိုင်ငံနဲ့ ရုရှားနိုင်ငံတိုကြား ရေနံ ကိစ္စတွင်သာမက နိုင်ငံရေးအထိရိုက်ခတ်သွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ် ဆီရီးယားပြည်တွင်းစစ်မှာ ဆော်ဒီနဲ့ ရုရှာတို့ဟာ မတူတဲ့ ဘက်တစ်ဘက်ဆီကနေ အားပေးကူညီခဲ့ကြလို့ပါ။ ဆော်ဒီက အမေရိကန်နဲ့ သဟဇာတဖြစ်တဲ့ အတိုက်အခံသူပုန်အဖွဲ့ကို နောက်ကွယ်ကနေထောက်ပံ့ခဲ့သလို ရုရှားကလည်း သမ္မအာဆတ်ဦးဆောင်တဲ့ အစိုးရတပ်တွေကို လက်နက်၊ နည်းပညာတွေ ထောက်ပံ့ပေးခဲ့တာပါ။


         photo: moneycontrol.com

          မာရသွန်ဆွေးနွေးပွဲအပြီး ပြန်ထွက်လာတဲ့ ရုရှားစွမ်းအင်ဝန်ကြီး အလက်ဇန္ဒား ကိုဗက်ကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ “လာမဲ့ ဧပြီ၁ရက်နေ့ကစလို့ OPECနဲ့ OPEC အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကြား ဘာကန့်သတ်ချက်မှရှိတော့မှာ မဟုတ်ဘူး” လို့ဖြေကြားခဲ့ပါတယ်။ ဒီနောက် ဆော်ဒီစွမ်းအင်ဝန်ကြီး မင်းသား အဗ္ဗဒူလာဇစ်ဘင်ဆယ်မန်ကို တကယ်လို့ ရုရှားက ရေနံတွေပိုထုတ်ပြီး ဈေးကိုဆွဲချနေရင် ဘယ်လိုတုန့်ပြန်မလဲလို့ မေးမြန်းခဲ့ရာမှာ “ ကျွန်တော်တို့ ဘယ်လိုတုန့်ပြန်မလဲ စောင့်ကြည့်နေပါ” လို့သာဖြေကြားခဲ့ပါတယ်။
          ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ OPEC အဖွဲ့က သူတို့ရဲ့ နေ့စဉ်ရေနံစည်ထုတ်လုပ်မှု (Barrel per day) ကို ၁.၅သန်းထပ်တိုးလျှော့ချမယ်လို့ ကြေငြာရာကနေ ပြဿနာစခဲ့တာဖြစ်ပါတယ်။ အရင် ရုရှားနဲ့ သဘောတူညီမှုဟာ တစ်ရက်ရေနံစည် ၂.၁သန်း လျှော့ချဖို့သာဖြစ်တာကြောင့် ခုဆို တစ်ရက်ကို ရေနံစည် ၃.၆သန်းလျှော့ချမှု ဖြစ်နေပါတယ်။ ဒါကို ရုရှားက သဘောမတူဘဲ သောကြာနေ့ အစည်းအဝေးမှာ ကန့်ကွက်ရာကနေ လာမဲ့ မတ်လဆို ကုန်ဆုံးတော့မဲ့ အရင် ၃နှစ်တာ သဘောတူညီချက်ကိုပါ ဖျက်သိမ်းခဲ့ကြတာပါ။ ရုရှားသမ္မတ ပူတင်နဲ့ ကရင်မလင်နန်းတော်ကတော့ ကြေငြာချက်တစ်စုံတစ်ရာ မထုတ်ပြန်သေးပေမဲ့ လေ့လာသူတွေကတော့ သမ္မတပူတင်ကိုယ်တိုင် ဆော်ဒီထိပ်တန်းအကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လိုလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။
source: Reuters

%d bloggers like this: