ONE Shipping Line ဆိုတာကတော့ Ocean Network Express ရဲ့အတိုကောက်နာမည်ဖြစ်ပြီး ဂျပန်နိုင်ငံအခြေစိုက် သင်္ဘောလိုင်းသုံးခု ပူးပေါင်းကာ ၂၀၁၆မှာ စတင်တည်ထောင်ခဲ့တာပါ။ သူတို့ရဲ့ ရှယ်ယာရှင်ရုံးခန်းကို တိုကျိုမြို့မှာ ဖွင့်လှစ်ထားပြီ ရုံးချုပ်ကတော့ စင်္ကာပူမှာ တည်ရှိပါတယ်။ ဥရောပဘက်က ခရီးလမ်းကြောင်းတွေကို ကွပ်ကဲဖို့အတွက်ကိုတော့ လန်ဒန်မှာ အခြေစိုက်ရုံးတစ်ခု ဖွင့်လှစ်ထားပြီး ကွန်တိန်နာတွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်မှုကို ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်ဝန်ဆောင်မှုပေးနေတဲ့ သင်္ဘောလိုင်းကြီးပဲဖြစ်ပါတယ်။ အခုသူတို့အသုံးပြုတာ့မဲ့ PortXchange အပလီကေးရှင်းဟာ နယ်သာလန်နိုင်ငံ ရော့တာဒမ်ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ရေးဆွဲပေးထားတဲ့ အပလီကေးရှင်းတစ်ခုဖြစ်ပြီး သင်္ဘောကုမ္ပဏီတွေ သူတို့ရဲ့ သင်္ဘောတွေကို ရော့တာဒမ်ဆိပ်ကမ်း အဝင်အထွက် အချိန်ဇယားဆွဲတာ အဆင်ပြေစေဖို့ ရည်ရွယ်ထုတ်လုပ်ပေးထားတာပါ။
ONE ဟာ ဒီအပလီကေးရှင်းရဲ့ အစမ်းသုံးကာလကို မနှစ်ကစတင်ခဲ့ပြီး ၂လစမ်းသုံးဖြစ်ခဲ့တာပါ။ အဲဒီအချိန်မှာ သူ့ထဲမှာပါတဲ့ အချက်အလက်တွေ လျှင်လျှင်မြန်မြန်လွှဲပြောင်းနိုင်မှု၊ သင်္ဘောကုမ္ပဏီ၊ အေးဂျင့်၊ ဆိပ်ကမ်း၊ သင်္ဘောအရာရှိတွေအပါအဝင် လိုအပ်တဲ့အဖွဲ့အစည်းတွေကို ဒီထဲမှာ တစ်စုတစည်းထဲချိတ်ထားနိုင်တဲ့အတွက် သတင်းအချက်အလက် လွယ်လွယ်ကူကူဖြန့်ဝေနိုင်မှု၊ အရေးကြီးသတင်းတွေကို အချိန်နဲ့ တပြေးညီသိနိုင်မှု စတဲ့ အားသာချက်တွေကြောင့် ခုခါမှာ ဒီ application ကိုဆက်သုံးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ONE ရဲ့ လန်ဒန်အခြေစိုက် ဆိပ်ကမ်းစီမံခန့်ခွဲမှု မန်နေဂျာ ကိတ်ဘမ်ဘာက ပြောသွားပါတယ်။
ONE ရဲ့ သင်္ဘောတွေဟာ ၁နှစ်ကို အကြိမ် ၃၅၀လောက် ရော့တာဒမ်ဆိပ်ကမ်းကို ကုန်တင်ကုန်ချဝင်လေ့ရှိတဲ့အတွက် အကြမ်းအားဖြင့်ဆို ၁ရက် ၁စီး အမြဲဆိပ်ကမ်းအဝင်အထွက် ရှိနေတဲ့သဘောပါ။ ဒါကြောင့် သင်္ဘောလိုင်းက အချိန်ဇယားဆွဲပေးတဲ့သူတွေဟာ အမြဲသတိထားနေရပြီး ဆိပ်ကမ်းက သတ်မှတ်ပေးတဲ့ အချိန်ကို ကိုယ့်သင်္ဘောက အချိန်ကိုက်ရောက်လာဖို့ သတိနဲ့အမြဲလုပ်နေရပါတယ်။ ဘာလို့လဲဆိုတော့ အချိန်မီမရောက်လာရင် ကိုယ့်သင်္ဘောကပ်မဲ့နေရာကို တခြားသင်္ဘောကို ပေးလိုက်ရမှာဖြစ်သလို စောရောက်လာပြန်ရင်လည်း ဆိပ်ကမ်းမှာနေရာမရှိသေးတဲ့အတွက် ကျောက်ချတဲ့ ကျောက်ကွင်းမှာ ပိုက်ဆံပေးပြီး သင်္ဘောကိုကျောက်ချစောင့်ဆိုင်း နေခိုင်းရမှာပါ။
အခု PortXchnage application အသုံးပြုတဲ့အခါမှာတော့ အရင်လို ဆိပ်ကမ်းရဲ့ သတင်းအချက်အလက်တွေကို အီးမေးက ပို့တာစောင့်စရာမလိုဘဲ ချက်ခြင်းသိနိုင်တဲ့အတွက် အပြောင်းအလဲတစုံတရာဖြစ်လာခဲ့ရင် သင်္ဘောကပ္ပတိန်တွေကို ချက်ခြင်းလှမ်းအကြောင်းကြားကာ ဆိပ်ကမ်းဝင်မဲ့အချိန်ကို တွက်ဆပြီး သင်္ဘောအရှိန်ကို လိုတိုးပိုလျှော့ လုပ်ခိုင်းလို့ကာ ကျောက်ချစရိတ်လဲ ကုန်စရာမလိုတော့သလို ဆီစားသက်သာအောင်လည်း တွက်ဆလို့ရသွားပါတယ်။ ခုဆိုရင် သူတို့လိုင်းကသဘောၤတွေရဲ့ ဆိပ်ကမ်းအဝင်အထွက် အချိန်ဇယားတွေဟာ ပိုမိုတိကျလာပြီး ဒီဘက်က customer တွေကိုလည်း ကုန်ရောက်မဲ့အချိန်ကို စိတ်ချလက်ချ အာမခံပေးနိုင်ပြီးလို့ သိရပါတယ်။ ONE ဟာ ဒီ application ကို အသုံးပြုရတာ အဆင်ပြေနေတဲ့အတွက် တခြားဥရောပဆိပ်ကမ်းတွေဖြစ်တဲ့ London Gateway ဆိပ်ကမ်းရယ်၊ ဂျီဘရောတာရေလက်ကြားမှာရှိတဲ့ စပိန်အစိုးရပိုင် Algeciras ဆိပ်ကမ်းတွေမှာပါဆက်လက် ဆက်လက်အသုံးချဖို့ စဉ်းစားနေပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Marine Insight
Photo: Rotterdam Transport