ကမ္ဘာ့အကြီးဆုံး ကင်မရာ အမှတ်တံဆိပ်တစ်ခု ဖြစ်ခဲ့ဖူးသော Olympus သည် ၎င်း၏ ၈၄ နှစ်ကြာ ကျင်လည်ခဲ့သော ကင်မရာထုတ်လုပ်ရေး လုပ်ငန်းကို ရောင်းချတော့မည်ဖြစ်သည်။
အကောင်းဆုံးကြိုးစားခဲ့သော်လည်း ဒစ်ဂျစ်တယ်ကင်မရာဈေးကွက်တွင် အမြတ်အစွန်းမရရှိခဲ့ဟု အဆိုပါ လုပ်ငန်းကြီးက ပြောကြားခဲ့သည်။
စွယ်စုံသုံး smart phones များ ထွက်ပေါ်လာပြီးနောက် ကင်မရာကို သီးခြားအသုံးပြုသူ ဈေးကွက် ရှုံ့လာခဲ့ခြင်းက အဓိက အကြောင်းအရာဖြစ်သည်ဟု ဆိုသည်။
ကုမ္ပဏီသည် နောက်ဆုံး ၃ နှစ်လုံး စံချိန်တင် အရှုံးထွက်ပေါ်ခဲ့သည်။
ဂျပန် ကုမ္ပဏီ Olympus သည် ၎င်း၏ ပထမဆုံးကင်မရာကို ၁၉၃၆ နှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ဈေးနှုန်းမှာ ယင်းအခါက ဂျပန်အလုပ်သမားတဦး၏ ၁ လစာ လုပ်ခထက် ပိုများသည်။
နောင်တွင် ဆယ်စုနှစ်များစွာ ပိုမိုကောင်းမွန်သော ကင်မရာများ ထုတ်လုပ်ခဲ့ပြီး ဈေးကွက်ဝေစုအရလည်း ထိပ်သီးတွင်ရှိသည့် ကုမ္ပဏီဖြစ်လာခဲ့သည်။
Amateur Photographer မဂ္ဂဇင်းမှ အယ်ဒီတာဖြစ်သူ နီဂဲ အက်သာတန် (Nigel Atherton) က “ပြန်ကြည့်မယ်ဆိုလျှင် အိုလမ်ပတ်စ် နဲ့ ပါတ်သက်လို့ ကြိုက်စရာတွေ တပုံတပင်ပါ” ဟု ဆိုသည်။
၁၉၇၀ ကျော် နှစ်များသည် ကုမ္ပဏီအတွက် အမြင့်ဆုံးအခြေအနေဖြစ်ခဲ့ပြီး ၎င်းတို့ ကင်မရာအသစ်များကို နာမည်ကျော်ဓါတ်ပုံဆရာများဖြင့် ရုပ်သံတွင် ကြော်ငြာများ ပြုလုပ်နိုင်ခဲ့သည်။
အယ်ဒီတာ Atherton က Olympus ကင်မရာများသည် အလွန်သေးငယ်ပေါ့ပါး၍ ဒီဇိုင်းမှာလည်း သပ်ရပ်လှပကြောင်း၊ အရည်အသွေးအလွန်ကောင်းသည့် မှန်ဘီလူးများလည်း သုံးထားသည်ဟု ဆိုသည်။
သို့ရာတွင် နည်းပညာသစ်များဖြစ်သည့် Autofocus ကဲ့သို့ အရာများ၌ ကုမ္ပဏီမှာ အမီလိုက်ရန် အခက်အခဲရှိခဲ့သည်။
ကုမ္ပဏီသည် ဒစ်ဂျစ်တယ် ကင်မရာများဖြင့် ဒုတိယလှိုင်းတွင် ပြန်လာနိုင်ရန် ကြိုးစားခဲ့သေးသည်။
ဓါတ်ပုံရိုက်ရန် ကင်မရာသီးသန့် ကိုင်သည့် ဈေးကွက်မှာ ၂၀၁၀ မှ ၂၀၁၈ အတွင်း ၈၄% ထိ ကျဆင်းခဲ့သည်။
Olympus ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်က လုပ်ငန်းတွင်း ထိပ်ပိုင်းအကြီးအကဲများ၏ ငွေကြေးအရှုတ်အရှင်းဒဏ်များကိုလည်း ကြုံခဲ့ရသေးသည်။
ယခုအခါတွင် ကင်မရာထုတ်လုပ်သည့် အပိုင်းကို အပြီးအပြတ်ရောင်းချတော့မည်ဖြစ်ပြီး ကင်မရာသုံး မှန်ဘီလူးထုတ်လုပ်ရေးဆက်လုပ်ရန် ရည်ရွယ်ထားသည်။
Olympus ထုတ်မှန်ဘီလူးများကို ဂျပန်ရှိ အခြား လုပ်ငန်းများသို့ ရောင်းချနိုင်မည်ဟု ယုံကြည်ထားသည်။
Olympus Corporation အနေဖြင့်မူ ဆက်လက် လည်ပတ်သွားဦးမည်ဟု ဆိုသည်။
Olympus အနေဖြင့် microscopes များ ထုတ်လုပ်ခြင်းကို ဆက်လက်လုပ်ကိုင်နေဦးမည်ဖြစ်ပြီး ၎င်း၏ နည်းပညာထုတ်ကုန်များကို အခြား သိပ္ပံဆိုင်ရာနှင့် အစာအိမ်အူအတွင်းကြည့်ရှုသည့် ဆေးပညာဆိုင်ရာ ထုတ်ကုန်များတွင် မြင်တွေ့ရဦးမည်ဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: BBC Business, Olympus