0

ရေနံဈေးနှုန်း မေလတွင် စံချိန်တင် ဈေးတက်ရိပ်ပြလျက်ရှိ

Share

     အမေရိကန်ရေနံဈေးကွက် WTI ဟာ ပြီးခဲ့တဲ့ ဧပြီလနဲ့ အခုမေလတွေမှာ ထူးခြားတဲ့ သမိုင်းဝင်စံချိန်တွေ ရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလတုန်းက သမိုင်းမှာ ပထမဆုံးအဖြစ် ရေနံဈေးအနှုတ်ပြတာနဲ့ ကြုံကြိုက်ခဲ့ပြီးနဲ့နောက် အခုမေလမှာတော့ နိုင်ငံတချို့တွေ lockdon ဖြေတဲ့အတွက် ရေနံအဝယ်လိုက်လာသလို၊ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေက ထုတ်လုပ်မှု ဖြတ်တောက်ခြင်းကြောင့် စံချိန်တင် ဈေးတက်မှု ရာခိုင်နှုန်းကိုရရှိခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၇၀ရာခိုင်နှုန်း ဈေးတက်မှုကို ရရှိခဲ့တာဖြစ်ပေမဲ့ တကယ်တော့ ရေနံတစ်စည်ဈေးဟာ အနှုတ်ကနေပြန်တက်လာခဲ့ရတာ ခုမှဒေါ်လာ ၃၀ကျော်ပဲရှိပါသေးတယ်။ ဇန်နဝါရီလတုန်းက ရေနံတစ်စည် ဒေါ်လာ ၆၀ဆိုတာနဲ့ ယှဉ်ရင်တော့ အခုဈေးဟာ ရေနံကုန်သည်တွေအတွက် အသက်ရှုချောင်စရာအခြေအနေမဟုတ်သေးပါဘူး။
     ဘာလို့လဲဆိုတော့ အနှုတ်ကနေ တအိအိပြန်တက်လာခဲ့ရတဲ့ ရေနံဈေးဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရေနံတစ်စည် ၃၃ဒေါ်လာဝန်းကျင်အရောက် ပြန်တန့်သွားခဲ့လို့ပါ။ အမေရိကန်ရေနံထုတ်လုပ်သူတွေကတော့ ဒေါ်လာ ၂၀နားကိုပြန်ဆင်းသွားမှာ စိုးရိမ်နေကြပါတယ်။ အခုအခြေအနေမှာ အမေရိကန်ရေနံထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ အကြွေးတွေဝန်ပိနေကြပြီး ဒေဝါလီမခံရဖို့အရေး အစိုးရရဲ့ အကူအညီကို တောင်းဆိုနေရတဲ့ အချိန်မို့ပါ။ ရေနံဈေးသာ ဆက်တက်မလာခဲ့ဘဲ ဒီလို ဒေါ်လာ ၂၀၊ ၃၀ ပတ်ဝန်းကျင်မှာ လည်နေမယ်ဆိုရင်တော့ ရေရှည်မှာ သူတို့ ပြိုလဲသွားနိုင်ပါတယ်။
     ရေနံဈေးကွက်လေ့လာရေး သုတေသီတွေကတော့ ရေနံဈေးဟာ သူ့သဘာဝအတိုင်း မျှခြေတစ်ခုရောက်အောင် သွားနေသေးတယ်လို့သုံးသပ်ပါတယ်။ ခုအတိုင်းသာ နိုင်ငံတွေတော်တော်များများက စီးပွားရေးတွေပြန်လည်ပတ်လာမယ်၊ လူတွေကလည်း ကားတွေနဲ့ လမ်းပေါ်ထွက်လာကြမယ်၊ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေကလည်း အခုအတိုင်း ထုတ်လုပ်မှုကို လျှော့မြဲလျှော့ထားမယ်ဆိုရင် ရေနံကုမ္ပဏီတွေအတွက် အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်နိုင်တော့မှာပါလို့ သုံးသပ်ထားပါတယ်။ ရေနံအများဆုံးတင်သွင်းရာ တရုတ်နိုင်ငံဟာလည်း ပြီးခဲ့တဲ့ ဧပြီလမှာ ရေနံစိမ်းဝယ်ယူမှု ၈၉ရာခိုင်နှုန်းအထိပြန်တက်လာခဲ့ပြီး ဖေဖောဝါရီမှာ ၄၀ရာခိုင်နှုန်းအထိကျနေရာကနေ ပြန်တက်လာခဲ့တာပါ။ မေလကုန်စာရင်းချုပ်ရင်တော့ ၉၂ရာခိုင်နှုန်းအထိ ဝယ်လိုအား ပြန်တက်မယ်လို့ ခန့်မှန်းနေကြပါတယ်။
     အမေရိကန်မှာတော့ ပြည်နယ်တွေအကုန်လုံးဟာ သူ့နည်းသူ့ဟန်နဲ့ lockdown ပြန်ဖြေပေးနေကြပြီ ဖြစ်တဲ့အတွက် များမကြာမီအချိန်မှာ လူတွေဟာ လမ်းတွေပေါ်မှာ ကားတွေနဲ့ပြန်ပြည့်လာဦးမှာပါ။ ဒါပေမဲ့ ဈေးကွက်လေ့လာသူတွေကတော့ စက်သုံးဆီဝယ်လိုအားဟာ ကပ်ရောဂါမဖြစ်ခင် အခြေအနေကို ပြန်ရောက်ဖို့ အချိန်အများကြီးယူဦးမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC
Photo: RigUp

%d bloggers like this: