0

နယူးဇီလန်တွင် ကိုဗစ်ဖြစ်ပွားသူ တစ်နိုင်ငံလုံး စတင်ကင်းစင်

Share

New Zealand နိုင်ငံ၏ ဝန်ကြီးချုပ် Jacinda Ardern က ယနေ့ ဇွန်လ ၈ ရက် (တနင်္လာနေ့) တွင် တနိုင်ငံလုံး ကိုဗစ်-၁၉ ပိုးရှိသူ ကင်းစင်သွားပြီဖြစ်သည့်အတွက် မနက်ဖြန် အင်္ဂါနေ့မှ စတင်၍ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချမှတ်ထားသော စည်းမျဉ်းများကို ကင်းလွတ်ခွင့်ပြုပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။

အများပြည်သူနှင့် ဆိုင်သည့် ပွဲများ၊ ကိုယ်ပိုင်ပွဲလမ်းများကို ကန့်သတ်ချက်များ မရှိပဲ ဆောင်ရွက်ခွင့်ရပြီဖြစ်ပြီး လက်လီလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများကိုလည်း ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ပြီဟု ပြောကြားခဲ့သည်။

နိုင်ငံ၏ ပြင်ပ နိုင်ငံရပ်ခြားဆိုင်ရာ အဝင်အထွက်များကို ပိတ်ထားဦးမည်ဖြစ်သည်။

Arden က သူမတို့ နိုင်ငံအနေဖြင့် ပို၍ ဘေးကင်းသော၊ တောင့်တင်းသော အခြေအနေသို့ရောက်ရှိလာပြီဖြစ်သည့် ယခုအချိန်တွင် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကိုဗစ် မတိုင်မီ အခြေအနေများသို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်သွားရမည်ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးကို ပြန်လည်တည်ဆောက်နိုင်ရန် ကျန်းမာရေးအခြေအနေကလည်း ကောင်းလာခဲ့ပြီဟု ဆိုသည်။

ယခု ကိစ္စသည် မှတ်တိုင်တစ်ခုအဖြစ် မငြင်းဆိုနိုင်သော်လည်း ဆက်လက်လုပ်ဆောင်စရာများရှိနေသေးပြီး သူမအနေဖြင့် ‘နယူးဇီလန်သားတို့ကို ကျေးဇူးတင်ရှိပါသည်’ ဟု ပြောကြားခဲ့သည်။

လူဦးရေ ၅ သန်းခန့်ရှိသော တောင်ပစိဖိတ် နိုင်ငံဖြစ်သည့် နယူးဇီလန်သည် ကိုရိုနာ ကူးစက်သူ ဦးရေ ၁၁၅၄ ယောက်ရှိခဲ့ပြီး ပျောက်ကင်းသူ ၁၁၃၂ ဦးနှင့် သေဆုံး သူ ၂၂ ဦး ရှိခဲ့သည်။

ယခုအခါ ပိုးအသစ်ထပ်မံမတွေ့တော့ဘဲ ကူးစက်ပြီး လူနာများအားလုံးလည်း ပြန်လည်ကောင်းမွန်နေပြီဖြစ်သဖြင့် အခြား အမေရိကန်၊ ဘရာဇီး၊ ဗြိတိန်တို့ ဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်နေချိန်တွင် New Zealand မှာ ပိုးကင်းစင်ခဲ့ပြီဖြစ်သည်။

နယူးဇီလန် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက နိုင်ငံအနေဖြင့် ကိုရိုနာကူးစက်ခံနေရသူ မရှိတော့ဘဲ နောက်ဆုံးလူနာသည်ပင် ပိုးအားလုံးကင်းစင်၍ တစ်ဦးတည်း ထားရခြင်းမှ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ယနေ့ (တနင်္လာနေ့) တွင် ကြေငြာခဲ့သည်။

နယူးဇီလန်အနေဖြင့် ပိုးကူးစက်သူ အသစ် မတွေ့ရသည်မှာ ၁၇ ရက်ရှိပြီဖြစ်ပြီး နောက်ဆုံးလူနာမှာ ကိုယ်ရေးကိုယ်တာအချက်အလက်များ ထိန်းသိမ်းထား၍ အသက် ၅၀ အရွယ်အမျိုးသမီးဟုသာ ခန့်မှန်းကြည့်ရသည်။

နယူးဇီလန်တွင် Super Rugby အားကစားပွဲစဉ်များကိုလည်း ပရိသတ်များနှင့် အတူ ပြန်လည် ကျင်းပခွင့်ရပြီဖြစ်သည်။

နယူးဇီလန် ရပ်ဘီအားကစားဥက္ကဌ Mark Robinson က ၎င်းတို့အနေဖြင့် အလွန်အမင်း ဝမ်းသာဂုဏ်ယူနေကြောင်း၊ အသင်းပရိတ်သတ်များရှေ့တွင် ပြန်လည် ကစားနိုင်တော့မည်ဖြစ်ကြောင်း၊ ကြုံတွေ့ရမည့် အရေးမှာ အထူးခံစားချက်ဖြစ်လာပြီး နယူးဇီလန်သားတိုင်းလည်း ပါဝင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: ChannelNewsAsia, Worldometers, The Spinoff

%d bloggers like this: