လက်ကိုင်ဂွေမှ Nissan တံဆိပ်ပြားသည် ယာဉ်မတော်တဆမှုဖြစ်ပွားချိန် လေအိတ်ပွင့်သည့်အခါ၌ ယာဉ်မောင်းသူကို လွင့်စဉ်ထိမှန်နိုင်စေသည့်အတွက် Nissan သည် SUV၊ ဗန်နှင့် ပစ်ကပ်ကားပေါင်း လေးသိန်းခန့်ကို အမေရိကန် ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန် အမျိုးသားလမ်းစည်းကမ်းဌာနသို့ တင်ပြခဲ့သည့် Nissan၏ တင်ပြချက်အရ လက်ရှိအချိန်အထိ အဆိုပါ တံဆိပ်ပြားနှင့် ပတ်သတ်၍ မတော်တဆမှု ၄မှု အထိရှိသော်လည်း ပြန်လည်သိမ်းဆည်းခဲ့သည့် ယာဉ်များတွင် အဆိုပါ မတော်တဆမှု ဖြစ်ပွားနိုင်ခြေမှာ ဝ.၃ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။
Nissan အနေဖြင့် လက်ရှိပြဿနာကို အကောင်းဆုံး ဖြေရှင်းနိုင်ရန် နည်းလမ်းများ ရှာဖွေနေပြီဖြစ်ပြီး ပြန်လည်သိမ်းဆည်းမည့် ကားမော်ဒယ်များကို ပိုင်ဆိုင်ထားသည့် ကားပိုင်ရှင်များအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ Nissan အရောင်းစင်တာများသို့ လာရောက်၍ စမ်းသပ်စစ်ဆေးမှု ခံယူကြရန် တိုက်တွန်းထားသည်။
ပြန်လည်သိမ်းဆည်းမည့် ကားများတွင် တပ်ဆင်ထားသည့် Nissan တံဆိပ်သည် အရေးပေါ် လေအိတ်ထုတ်လုပ်ပေးသည့် Autoliv ကုမ္ပဏီမှ တပါတည်း ထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး Nissan ၏ စစ်ဆေးချက်အရ အဆိုပါ တံဆိပ်ပြားသည် သတ်မှတ် စံချိန်စံညွှန်းထက် နိမ့်ကျနေသဖြင့် အချို့ကားများတွင် နှစ်အတန်ကြာပါက အက်ကြောင်းများ ထင်လာသည့် ဖြစ်ရပ်များလည်း ရှိသူဟု သိရသည်။
လက်ရှိ သိမ်းဆည်းမည့် အစီအစဉ်တွင် ပါဝင်သည့် Nissan မော်ဒယ်များမှာ ၂၀၀၈ မှ ၂၀၁၁ အထိ ထုတ်လုပ်ခဲ့သည့် Nissan Titan, Frontier ပစ်ကပ်ကားများ၊ Frontier Xterra, Pathfinder နှင့် Armada SUV ကားများ၊ ၂၀၀၈ မှ ၂၀၀၉ အတွင်း ထုတ်လုပ်ခဲ့သည့် Quest မီနီဗန်များ ပါဝင်ကြသည်။
ကားပိုင်ရှင်များအနေဖြင့် NHTSA.gov ဝဘ်ဆိုက်တွင် ဝင်ရောက်ကာ မိမိတို့၏ ကားမော်ဒယ်သည် ပြန်လည်သိမ်းဆည်းမည့် ကားစာရင်းတွင် ပါ မပါ ဝင်ရောက် စစ်ဆေးနိုင်ကြောင်း Nissan ကထုတ်ပြန်ထားသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN Business