ရုပ်ရှင်နှင့် တီဗွီဇာတ်လမ်းတွဲများ ကြည့်ရှုနိုင်သော ဖျော်ဖြေရေး ဝဘ်ဆိုက်တစ်ခုဖြစ်သည့် Netflix သည် ကြည့်ရှုသူများကို ပိုမိုစွဲဆောင်နိုင်ရန်အတွက် နိုင်ငံပေါင်း ၃၀ကျော်တွင် ဈေးနှုန်းများ လျှော့ချခဲ့ကြောင်း သိရသည်။
ကမ္ဘာနှင့် တစ်ဝှမ်း ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် ရင်ဆိုင်နေရသလို Netflix ကဲ့သို့ပင် ဖျော်ဖြေရေး ဆိုက်များဖြစ်သည့် Disney, Apple, Amazon နှင့် HBO ကဲ့သို့သော ပြိုင်ဘက်များ၏ ဈေးကွက်ချဲ့ထွင်လာမှုကြောင့် ယခုကဲ့သို့ ဈေးလျှော့ချခြင်း ဖြစ်ဖွယ်ရှိသည်။
ဈေးနှုန်းလျှော့ချရာတွင် ပါဝင်သည့် နိုင်ငံများမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ခရိုအေးရှား၊ ဗင်နီဇွဲလား၊ ကင်ညာနှင့် အီရန်တို့ ပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ မှာ လက်ရှိကြေငြာသည့် စာရင်းတွင် ပါဝင်ခြင်းမရှိခဲ့ပါ။
Netflix ၏ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေဖြင့် ကြည့်ရှုသူများ၏ အဆင်ပြေစေရေးကို အစဉ်တိုးတက်အောင် ပြုလုပ်နေကြောင်းနှင့် ထပ်မံ၍လည်း အချို့ နိုင်ငံများတွင် အထူးဈေးနှုန်းများဖြင့် ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။
Netflix အနေဖြင့် လက်ရှိတွင် နိုင်ငံပေါင်း ၁၉၀ ကျော်တွင် လည်ပတ်လျက်ရှိသော်လည်း ပြိုင်ဘက်များဖြစ်သည့် Amazon, HBO နှင့် Disney တို့၏ ဈေးကွက်ချဲ့ထွင်မှုများကြောင့် ဖိအားများ ရှိလာခဲ့ပြီး ယမန်နှစ်က ဝန်ထမ်းရာချီ၍ လျှော့ချခဲ့ရသလို ဈေးနှုန်းသက်သာသော Plan များဖြင့် ကြည့်ရှုသူများကို စွဲဆောင်နေခဲ့ရသည်။
အထူးသဖြင့် ယမန်နှစ် ဧပြီနှင့် ဇွန်လကြားတွင် Netflix ကြည့်ရှုသူပေါင်း သန်းဂဏန်းခန့် လျှော့ကျသွားမှုနှင့် ကြုံတွေ့ခဲ့ရပြီး နှစ်ကုန်ကာနီးတွင်တော့ ကြည့်ရှုသူအရေအတွက် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။
ထိုသို့ ဖိအားများ ရှိနေသည့်အတွင်းမှာပင် Netflixသည် ကြည့်ရှု့သူများအကြား အကောင့်တစ်ခုတည်းကို Password မျှဝေ၍ သုံးစွဲခြင်းအစီအစဉ်အား နိုင်ငံအချို့တွင် ပိတ်ပင်မှုပြုလုပ်ခဲ့ပြီး ကနေဒါ၊ နယူးဇီလန်၊ ပေါ်တူဂီနှင့် စပိန်တို့ပါဝင်ကြသည်။
ယခင်က ထိုသို့ Password မျှဝေ၍ ကြည့်ရှုခြင်းကို Netflix ၏ ဝိသေသတစ်ခုအဖြစ် ကြေငြာခဲ့သော်လည်း ယခုအခါ မိသားစုအတွင်း (သို့မဟုတ်) သူငယ်ချင်းအပေါင်းအသင်း အချင်းချင်း password မျှဝေလိုပါက အပိုဆောင်းငွေ ပေးဆောင်ရတော့မည်ဖြစ်သည်။
အကောင့်တစ်ခုတည်းကို လူအများအပြား မျှဝေသုံးစွဲခြင်းသည် ရှုပ်ထွေးမှုများကို ဖြစ်စေသည့်အတွက် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း Netflix အနေဖြင့် အကြောင်းပြချက်ပေးသော်လည်း ဈေးကွက်အတွင်း ဝင်ငွေကျဆင်းမှုကြောင့် ထိုကျဆင်းမှုများကို ကာမိစေရန် ကြည့်ရှုသူများထံမှ ပိုက်ဆံညှစ်ထုတ်ခြင်းဖြစ်ကြောင်း ထိုစဉ်ကဝေဖန်ခဲ့ကြသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC Business
Photo: The New York Times