Tesla ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ အီလွန်မက်စ်ခ်ကတော့ Bloomberg ကထုတ်ပြန်တဲ့ ဘီလီယံနာများစာရင်းမှာ ဝါရင်းဘတ်ဖတ်ကိုကျော်တက်ပြီး ကမ္ဘာ့အချမ်းသာဆုံး အဆင့် (၇) ဖြစ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့သောကြာနေ့က တွက်ချက်မှုတွေအရ အီလွန်မက်စ်ခ်ရဲ့ ကြွယ်ဝမှုတွေဟာ ၆ဘီလီယံလောက် တိုးတက်လာခဲ့ပြီး ဒါဟာ Tesla ကုမ္ပဏီရဲ့ ရှယ်ရာတွေ စံချိန်တင်ဈေးတက်မှုအဖြစ် ရှယ်ယာတစ်ခုကို ဒေါ်လာ ၁၅၄၄ ထိရောက်ခဲ့တာနဲ့ သက်ဆိုင်နေပါတယ်။ ခုဆိုရင် Tesla ရဲ့တန်ဖိုးဟာ ဒေါ်လာ ၂၈၆.၅ ဘီလီယံလောက်တန်ကြေးရှိနေပါပြီ။
အီလွန်ဟာ Tesla ရဲ့ရှယ်ယာ ၂၀.၈% ကိုပိုင်ဆိုထားပြီး တန်ဖိုးအနေနဲ့ဆိုရင် ဘီလီယံ ၆၀နီးနီး ရှိတာပါ။ ဝါရင်းဘတ်ဖတ်ကတော့ ပြီးခဲ့တဲ့ အပတ်က သူ့ပိုင်ဆိုင်တဲ့ ဘာ့ခ်ရှိုင်းယား ဟယ်သာဝေး ကုမ္ပဏီရဲ့ ဒေါ်လာ ၃ဘီလီယံလောက်ကို ပရဟိတအဖွဲ့တွေ၊ သုတေသန ရှာဖွေစမ်းသပ်မှုတွေအတွက် လှူဒါန်းခဲ့တာကြောင့် ကြွယ်ဝမှုတွက်ချက်ရာမှာ အဆင့်တွေ ကျဆင်းခဲ့ရပါတယ်။
Tesla ရဲ့ စတော့ရှယ်ယာဈေးတက်နှုန်းဟာ ပြီးခဲ့တဲ့ ၁၂လ အတွင်း ၅၀၀% ထိရှိခဲ့ပြီး စတော့ဈေးကွက်တင်ထားတဲ့ ကုမ္ပဏီကြီးတွေ အကုန်လုံးရဲ့ ဈေးတက်နှုန်းကို အပြတ်အသတ်ကျော်တက်သွားခဲ့တာပါ။ ခုဆိုရင် ဒီလျှပ်စစ်ကား ထုတ်လုပ်ရေးကုမ္ပဏီဟာ ကမ္ဘာပေါ်က ဘယ်ကားကုမ္ပဏီထက်ကိုမဆို တန်ဖိုးမြင့်နေပြီး ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကားကုမ္ပဏီ အဖြစ်ရပ်တည်နေပါတယ်။
အီလွန်ဟာဆိုရင် Tesla အပြင် သူပြုစုပျိုးထောင်ထားတဲ့ ပုဂ္ဂလိက အာကာသလွှတ်တင်ရေး ကုမ္ပဏီ Space X မှာလည်း အဓိက ရှယ်ယာရှင်ဖြစ်နေပြီး အဲဒီရဲ့ တန်ဖိုးတွေကတော့ ဒေါ်လာ ၁၅ဘီလီယံလောက် ရှိပါတယ်။ အီလွန်ဟာ ဝါရင်းဘတ်ဖတ်ကို ကျော်တက်ခဲ့တဲ့ နောက်ဆုံး နည်းပညာစွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ပြီး တခြား နည်းပညာနယ်ပယ်က ပုဂ္ဂိုလ်တွေဖြစ်တဲ့ Microsoft ရဲ့ CEO ဖြစ်တဲ့ စတိဗ်ဘောမာ၊ နောက် Google ရဲ့ တည်ထောင်သူတွေဖြစ်တဲ့ လာရီပေ့နဲ့ ဘရင်း တို့ဟာလည်း အိုမားဟား အခြေစိုက် Oracle ကော်ပိုရေးရှင်းရဲ့ CEO လယ်ရီအီလီဆင်ကို ကျော်တက်ခဲ့ကြပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Firtune, CNN Business
Photo: hdqwalls.com