ရက်သတ္တပတ်အတန်ကြာကပင် သတင်းများထွက်ပေါ်နေခဲ့သော်လည်း ယခုအခါ တရုတ်စျေးကွက်မှ ထွက်ခွါတော့မှဖြစ်ကြောင်း Mitsubishi Motors က တရားဝင်ကြေငြာခဲ့သည်။
ကမ္ဘာ့အကြီးဆုံးကားစျေးကွက်အဖြစ် သတ်မှတ်ထားသည့် တရုတ်စျေးကွက်သည် ကားထုတ်လုပ်ရေးကုမ္ပဏီများအတွက် စျေးကွက်ဝေစုရရှိရန် အပြင်းအထန်ပြိုင်ဆိုင်ရလေ့ရှိသည်။
Mitsubishi မတိုင်ခင် ၎င်း၏ရှေ့တွင် Jeep နှင့် Chrysler တို့ကိုထုတ်လုပ်သော Stellantis နှင့် ကိုးရီးယားကားကုမ္ပဏီ Hyundai တို့လည်း တရုတ်စျေးကွက်မှ အသီးသီး ထွက်ခွါခဲ့ကြသည်။
Mitsubishi အနေဖြင့် ၂၀၁၂ တွင် တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ GAC နှင့် ပါတနာအဖြစ်လက်တွဲ၍ တရုတ်စျေးကွက်အတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ထွက်ခွါသွားပါက ၎င်း၏ ရှယ်ယာ အားလုံးကို GAC ကလက်လွှဲယူမည်ဖြစ်သည်။
Mitsubishi ကထုတ်ပြန်သောစာတွင် ပြီးခဲ့သော နှစ်နှစ်အတွင်း လျှပ်စစ်ကားများ၏ ရေပန်းစားလာမှုက ၎င်းတို့၏ ရောင်းအားကို စတင်ထိခိုက်လာခဲ့ကြောင်း၊ ရောင်းအားပြန်တက်စေရန် ကားမော်ဒယ်အသစ်ထုတ်လုပ်၍ စျေးကွက်ကို မိတ်ဆက်ခဲ့သော်လည်း မျှော်မှန်းသလို ဖြစ်မလာခဲ့ကြောင်း ဖော်ပြထားသည်။
GAC အနေဖြင့် ကားစက်ရုံကို တစ်ဦးတည်းအပိုင်အဖြစ် လက်လွှဲပြောင်းရယူပြီးပါက ၂၀၂၄ တွင် အဆိုပါစက်ရုံမှနေ၍ GAC၏ လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီ GAC Aion ၏လျှပ်စစ်ကားများ စတင်ထုတ်လုပ်သွားမည်ဟု သိရသည်။
Mitsubishi သည် ယခုကဲ့သို့ တရုတ်မှ ထွက်ခွါပြီးပါက ပြင်သစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Renault၏ လျှပ်စစ်ကားပရော့ဂျက်ဖြစ်သော Ampere EV ကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံမှုများပြုလုပ်သွားမည်ဖြစ်သည်။
Renault ၏ ဥက္ကဌဖြစ်သူက Ampere တွင် ရင်းနှီးမြှပ်နှံမည့် Mitsubishi ၏ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနှင့် ပူးပေါင်းမှုအသေးစိတ်ကို သူ၏ လာမည့်ဂျပန်ခရီးစဉ်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
Renault ၏ Ampere တွင် ရင်းနှီးမြှပ်နှံမှုပြုလုပ်ရန် Nissan နှင့်လည်း အလုံးစုံသဘောတူညီမှု ရရှိခဲ့ပြီး ယူရို သန်း၆၀၀ ရင်းနှီးမြှပ်နှံရန် သဘောတူညီထားကာ ဘုတ်အဖွဲ့ဝင်နေရာအတွက်သေချာနေခဲ့ပြီဖြစ်သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, CNN
Photo: Reuters