မြန်မာနိုင်ငံက ရွေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်တဲ့ နော်ထူးဂေဝါးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက သူ့အလုပ်ကနေ ထွက်စာတင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ သူ့အလုပ်ရှင်ကို တစ်ပတ်မှာ ပိတ်ရက်တစ်ရက်ပေးဖို့ ညှိုနှိုင်းရာကနေ အဆင်မပြေဖြစ်ခဲ့လို့ပါ။ သူ့ထွက်စာတင်ခဲ့တဲ့ အချိန်တုန်းက ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ပိုးတွေ့ရှိလူနာ တစ်ယောက်မှမရှိသေးပါဘူး။ ဒါပေမဲ့ နောက်သုံးလအကြာမှာတော့ ကိုယ်ဝန်လသားလွယ်ထားနေရပြီးဖြစ်တဲ့ ဒီအမျိုးသမီးဟာ အလုပ်သစ်ရှာဖို့ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ အခြေအနေဖြစ်ခဲ့ရပါပြီ။ ဘာလို့လဲဆိုတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ထိုင်းနိုင်ငံမှာ လူပေါင်း ၃ထောင်ကျော်ကို ကူးစက်ပြီးသွားပြီဖြစ်သလို နိုင်ငံဟာလည်း အရေးပေါ်အခြေအနေ ကြေငြာခဲ့ရပြီး ဈေးဝယ်စင်တာတွေ၊ ကျောင်းတွေ၊ ဘားတွေ၊ ကလပ်တွေကအစ ပိတ်ခိုင်းခဲ့ရတဲ့ အခြေအနေဖြစ်သွားပါပြီ။
ခုလက်ရှိ ဘန်ကောက်အထက်ပိုင်း ပါသွန်းသနီ ခရိုင်မှာနေနေတဲ့ နော်ထူးဂေဝါးကတော့ ဘန်ကောက်ပို့စ်ကို အောက်ပါအတိုင်းရင်ဖွင့်ခဲ့ပါတယ်။ ကျွန်မအခုဆိုရင် ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး မိဘတွေနဲ့ ပြန်တွေ့ချင်နေပါပြီ။ အခုလို အလုပ်ကလည်းမရှိ လက်ထဲမှာလည်း ငွေတစ်ပြားမှမကျန်တော့တဲ့ အချိန်မှာ ကိုယ့်မိဘတွေပဲ ကိုယ့်ကိုဂရုစိုက်နိုင်မှာပါ။ ဒါပေမဲ့ ဒါတွေက ခုဆိုရင်မဖြစ်နိုင်တော့ပါဘူး။ နယ်စပ်တွေလည်း အဝင်အထွက်တင်းကြပ်နေပြီး ကျွန်မယောက်ျားကလည်း သူ့အလုပ်ကို ထားခဲ့လို့မရသေးဘူး။ ဘာလို့လဲဆိုတော့ သူရတဲ့လစာ ဘတ်၈ထောင်က မြန်မာနိုင်ငံက သူတို့၂ယောက်ရဲ့မိသားစု ၂စုကိုထောက်ပံ့နေရတာကြောင့်ပါလို့ ပြောသွားပါတယ်။
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတို့ရဲ့ ကိန်းဂဏန်းတွေအရ နိုင်ငံတွင်းမှာ မှတ်ပုံတင်ထားတဲ့ ရွေ့ပြောင်းအလုပ်သမားပေါင်း ၂.၈သန်းလောက်ရှိပြီး အများစုကတော့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီယားနိုင်ငံတို့မှဖြစ်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရတော့ တရားဝင် ၂.၈သန်းအပြင် တရားမဝင်လုပ်ကိုင်နေတဲ့ အလုပ်သမားပေါင်း နောက်ထပ် ၂သန်းလောက်ရှိနေနိုင်ပါတယ်။ ဒီကိုရိုနာကပ်ရောဂါအတွင်းမှာ အလုပ်သမား ၅သိန်းလောက် သူတို့ရဲ့ အလုပ်အကိုင်တွေဆုံးရှုံးသွားခဲ့ရတယ်လို့ ရွေ့ပြောင်းအလုပ်သမားများအဖွဲ့ (Migrant Working Group-MWG) က ဘန်ကောက်ပို့စ်ကို ပြောပြပါတယ်။ ဒီထဲမှာက တချို့တဝက်က ကိုယ့်နိုင်ငံပြန်သွားကြပြီး ပြန်လို့မရတဲ့သူတွေကတော့ အလုပ်အသစ်ကို ကပ်ကုတ်ရှာနေရသလို ထိုင်းအစိုးရရဲ့ အထောက်အပံ့ကို ရဖို့မျှော်လင့်နေကြတဲ့ သူတွေလည်းရှိပါတယ်။
ထိုင်းအစိုးရကတော့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံရဲ့ လူမှုဖူလုံရေးအစီအစဉ်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို လိုအပ်တဲ့ ငွေကြေးကူညီမှုတွေ လုပ်ပေးဖို့စီစဉ်နေကြာင်း ထုတ်ဖော်ပြောကြားသွားပါတယ်။ ဒါပေမဲ့ ရွေ့ပြောင်းအလုပ်သမားတွေ တော်တော်များများဟာ ထိုင်းအစိုးရရဲ့ လူမှုဖူလှုံရေးအစီအစဉ်မှာ ပါဝင်မှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံ အလုပ်သမားအခွင့်အရေးနဲ့ လူကုန်ကူးမှုကာကွယ်ရေး ဌာနရဲ့ ညွှန်ကြားရေးမှုး တစ်ယောက်ကပြောပါတယ်။ ဘာလို့လဲဆိုတော့ ခုလက်ရှိအလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတော်တော်များများဟာ တရားဝင်မှတ်ပုံတင်ထားတာမဟုတ်တဲ့အတွက် သူတို့မှာ လူမှုဖူလုံရေးကို လစဉ်ကြေးသွင်းတာတွေရှိမှာမဟုတ်သလို အထောက်အထားလည်း ဘာမှမပြနိုင်ကြလို့ပါ။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတစ်ယောက်ဟာ လူမှုဖူလုံရေးထောက်ပံ့ငွေကို ခံစားဖို့ဆိုရင် လစဉ်ကြေး အနည်းဆုံး ၆လဆက်တိုက် သွင်းထားတဲ့သူဖြစ်ရပါမယ်။ ဒါပေမဲ့ အလုပ်သမားတော်တော်များများကတော့ သူတို့ရဲ့ ကိုယ်ပိုင်အထောက်အထားစာရွက်စာတမ်းတွေကို ပွဲစားတွေ၊ အလုပ်ရှင်တွေဆီမှာ ခေါင်းပုံဖြတ်ခံတာခံနေရသလို စက်ရုံမလည်ပတ်နိုင်တော့လို့ အလုပ်ဖြုတ်ခံရရင်တောင် နစ်နာကြေး ၃လစာမရတဲ့သူတွေရှိတဲ့အပြင် တချို့ဆိုရင်လည်း မိမိသဘောနဲ့ နှုတ်ထွက်တာမျိုးဖြစ်အောင် အတင်းအကြပ်လက်မှတ်ထိုးခိုင်းခံရတာတွေလည်းရှိပါတယ်။
ဘန်ကောက်ပို့စ်အနေနဲ့ ဆမွတ်ပရာကန် ခရိုင်က ဖန်ချက်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားလေး တစ်ယောက်နဲ့လည်း ဖုန်းအဆက်အသွယ်ရခဲ့ပါတယ်။ သူအပါအဝင် အလုပ်သမား ၁ဒါဇင်လောက်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက အလုပ်ရပ်နားတာခံခဲ့ရပေမဲ့ ခုချိန်ထိ အလုပ်သစ်ရှာလို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုအလုပ်ရှာပေးတဲ့ပွဲစားက သူတို့ရဲ့ ပတ်စ်ပို့တွေကို သိမ်းထားလို့ပါတဲ့။ သူကတော့ ဒီမှာ စာရွက်စာတမ်းအထောက်အထားမရှိရင် ခုချိန်မှာ အလုပ်သစ်ရှာဖို့မလွယ်တာကြောင့် နယ်စပ်မှာ အခြေအနေကောင်းပြီဆိုရင် ပြန်တော့ပါမယ်လို့ ပြောသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bangkok Post
Photo: trtworld.com/reuters