၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် အမေရိကန်လွှတ်တော်သို့ ထရမ့်ဘက်တော်သားများ ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့ပြီးနောက် သမ္မတဟောင်း ထရမ့်၏ Facebook နှင့် Instagram အကောင့်တို့ကို Metaက ပိတ်ထားခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ယခုအခါ ပြန်လည်ဖွင့်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ထရမ့်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲသို့ တဖန်ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေသည်ဖြစ်ရာ ယခုကဲ့သို့ Follower ၃၄ သန်းရှိသည့် facebook အကောင့်နှင့် Follower ၂၃ သန်းရှိသည့် Instagram အကောင့်တို့ ပြန်လည် ရရှိပါက လူထုအတွင်းသို့ ပိုမိုရောက်ရှိနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ရံပုံငွေရှာဖွေရာတွင်လည်း အထောက်အကူရသွားမည်ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာတွင် တွစ်တာ၏ ပိုင်ရှင်အသစ်ဖြစ်သူ အီလွန်မက်ခ်စ်က ထရမ့်၏ တွစ်တာအကောင့်ကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း သူ့အနေဖြင့် ယခုအချိန်အထိ ပို့စ်တင်ခြင်း မရှိသေးကြောင်း သိရသည်။
ရွေးကောက်ပွဲဝင်မည့် သူများသည် လူထုနှင့် ပိုမိုဆက်သွယ်မှုရရှိရန် လွတ်လပ်စွာပြောဆိုခွင့် ရှိသင့်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသော်လည်း Meta ကမူ ၎င်းတို့အနေဖြင့် ထရမ့်၏ အကောင့်ကို စည်းမျဉ်းအသစ်များဖြင့် စောင့်ကြည့်သွားမည်ဖြစ်ပြီး အမုန်းစကားဖြန့်ပွားမှုများ ထပ်မံမဖြစ်ပွားစေရန် တားဆီးသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
Meta ၏ နိုင်ငံတကာရေးရာ မူဝါဒအကြီးအကဲဖြစ်သူ နစ်ကလက်က ထရမ့်အနေဖြင့် ထပ်မံ၍ အမုန်းစကား ဖြန့်ဖြူးမှုများ ပြုလုပ်ပါက အဆိုပါ ပို့စ်၏ သက်ရောက်မှုအပေါ် မူတည်ကာ တစ်လမှ နှစ်နှစ်အထိ အကောင့်ထပ်မံ ပိတ်ပင်ခြင်း ပြုလုပ်သွားမည်ဟု သူ၏ ဘလော့တွင် ရေးသားခဲ့သည်။
Meta ၏ ထိုကြေငြာချက်အပေါ် မီဒီယာလောကတွင် အမြင်အမျိုးမျိုးဖြစ်ပေါ်ခဲ့ပြီး အချို့အဖွဲ့များက ထရမ့်အနေဖြင့် အလားတူ အမုန်းစကား ဖြန့်ဝေမှုများ ထပ်မံပြုလုပ်ခဲ့ပါက Meta ၏ အရေးယူမှုသည် မည်မျှအထိ ထိရောက်မည်ကို မသိရှိနိုင်ကြောင်း ဝေဖန်ခဲ့သည်။
အချို့မီဒီယာ သမားများကမူ အဆိုပါ ကြေငြာချက်ကို ထောက်ခံခဲ့ကြပြီး ရွေးကောက်ခံ သမ္မတလောင်းများသည် ၎င်းတို့၏ မူဝါဒကို ပြည်သူသို့ လွတ်လပ်စွာ ပြောဆိုခွင့်ရှိရမည်ဖြစ်ပြီး သို့မှသာ လူထုက ကောင်းသည်၊ ဆိုးသည် ခွဲခြားနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောဆိုခဲ့ကြသည်။
လက်ရှိတွင် ထရမ့်အနေဖြင့် Facebook နှင့် Instagram ကို မည်သို့ ပြန်လည်အသုံးပြုမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ သူ၏ ကိုယ်ပိုင် ဆိုရှယ်မီဒီယာဖြစ်သော Truth Social ကိုသာ အလေးပေးသုံးစွဲနေဦးမည်ဖြစ်ကာ တွစ်တာတွင်လည်း ပို့စ်များ တင်ဦးမည်မဟုတ်ကြောင်း သိရသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: The Telegraph