0

မဲခေါင်မြစ်ဝှမ်းကို ခြိမ်းခြောက်နေသော ရေအားလျှပ်စစ် ဆည်တမံများ

Share

          လွန်ခဲ့တဲ့ ၁၀နှစ်လောက်တုန်းက လာအိုရဲ့ မဲခေါင်မြစ်အပေါ် ပထဆုံးဆည်ဆောက်မှုကို ကန့်ကွက်တဲ့သူတွေထဲမှာ ဗီယက်နမ်ဟာ အသံအကျယ်ဆုံး ထွက်တဲ့သူပါ။ ဒါပေမဲ့ ခုအခါမှာတော့ ဗီယက်နမ်ဟာ လာအိုအစိုးရ တည်ဆောက်မဲ့ လောင်ပရာဘန်ဆည် စီမံကိန်းမှာ အကျိုးတူပူးပေါင်းပါဝင်ဖို့ သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ဒီဆည်ဟာဆိုရင် မဲခေါင်မြစ်မကြီးပေါ်မှာ တည်ဆောက်မဲ့ ၅ခုမြောက်ဆည်ကြီးဖြစ်လာမှာပါ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေကတော့ ခုလိုမျိုး ဆည်တည်ဆောက်မှုတွေကို အစိုးရအဆင့်တွေက ကန့်ကွက်မှု သိပ်မရှိတော့ပဲ အကျိုးတူပူးပေါင်းပါဝင်လာတာကို အရမ်းစိုးရိမ်နေကြပါပြီ။ ဒါ့အပြင်ကို ဒီဒေသတွေမှာ ဆည်တည်ဆောက်မှုကြောင့် မဲခေါင်မြစ်ဝှမ်းရဲ့ ဂေဟစနစ်နဲ့ မြစ်ကိုမှီခိုနေတဲ့ သန်း၆၀သော ပြည်သူတွေရဲ့ ဘဝတွေ ခြိမ်းခြောက်ခံလာရတာကို ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေဟာ ဆိတ်သုဉ်းနေခဲ့တာ ကြာနေပါပြီ။
          မဲခေါင်မြစ်ဟာ မိုင်ပေါင်း ၂၇၀၀ လောက်ရှည်လျားပြီး တရုတ်နိုင်ငံကနေ မြစ်ဖျားခံကာ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘာဒီယား နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းပြီး နောက်ဆုံး ဗီယက်နမ်နိုင်ငံမှာ အရှေ့ဗီယက်နမ်ပင်လယ်ထဲကို စီးဝင်ရင်း အဆုံးသတ်သွားတာပါ။ မြန်မာ၊ လာအို၊ ထိုင်းဆိုပြီး သုံးနိုင်ငံထိစပ်နေတဲ့ နာမည်ကျော် ရွှေတြိဂံဒေသဟာဆိုရင်လည်း မဲခေါင်မြစ်ပေါ်မှာတည်ရှိပြီး အဲဒီကနေ အောက်ဘက်မှာဆိုရင်လည်း မဲခေါင်မြစ်ဟာ လာအိုနဲ့ ထိုင်းနိုင်ငံတို့ရဲ့ နယ်ခြားမြစ်အဖြစ် မိုင်ပေါင်းတော်တော်များများ အသုံးတော်ခံခဲ့ပါတယ်။ ဒီလိုမျိုး နိုင်ငံပေါင်းများစွာ ဖြတ်သန်းစီးဆင်းတဲ့ မြစ်တွေကို International River လို့ခေါ်ဝေါ်ကြပြီး ဒီမြစ်တွေကို အကျိုးတူပူးပေါင်း အသုံးချဖို့အတွက် မြစ်နဲ့ထိစပ်နေတဲ့ နိုင်ငံတွေဟာ သူ့နည်းသူ့ဟန်နဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုထားလေ့ရှိကြပါတယ်။
          အပေါ်ကပြောခဲ့တဲ့ လောင်ပရာဘန်ဆည် တည်ဆောက်ဖို့အတွက် ဆိုရင် ပြီးခဲ့တဲ့နှစ်က လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတို့ပါဝင်တဲ့ “မဲခေါင်မြစ်ကော်မရှင်- Mekong River Commission (MRC)” ကနေပြီး ဆည်တည်ဆောက်မှုကြောင့် ဖြစ်လာမဲ့ အကျိုးအပြစ်တွေကို သုံးသပ်ဖို့အတွက် ပူးပေါင်းစုံစမ်းရေးအဖွဲ့တွေ ဖွဲ့စည်းပြီး လေ့လာနေပါတယ်။ ဒီ မဲခေါင်မြစ်ကော်မရှင် MRC ဟာဆိုရင် ၁၉၉၅ ခုနှစ်က လာအို၊ ထိုင်း၊ ကမ္ဘောဒီးယာ၊ ဗီယက်နမ်တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ “ 1995-မဲခေါင်မြစ် သဘောတူစာချုပ်” အရဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးမှုတွေ အဆင်ပြေပြီး အားလုံးသဘောတူတယ်ဆိုရင် ဆည်တည်ဆောက်မှုကို ဒီနှစ်အတွင်းမှာ စဖို့ ရည်ရွယ်ထားပြီး ၂၀၂၇ ကြရင် အပြီးသတ်နိုင်ဖို့ ရည်ရွယ်ထားကာ ဒီဆည်ကြီးကနေ ဓါတ်အားပေါင်း ၁၄၆၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်မှာပါ။
          သူ့ကိုယ်သူ အာရှတိုက်ရဲ့ ဘတ္တရီကြီးလို့ တင်စားထားတဲ့ လာအိုနိုင်ငံဟာ မဲခေါင်မြစ်နဲ့ သူ့ရဲ့ မြစ်လက်တက်တွေပေါ်မှာ ရေအားလျှပ်စစ်ထုတ်ဖို့အတွက် ရည်ရွယ်ပြီးလျာထားတဲ့ ဆည်တမံစီမံကိန်းပေါင်းဟာ ၉ခုအထိရှိပါတယ်။ ဒီကထွက်တဲ့ လျှပ်စစ်ဓါတ်အားတွေကိုတော့ စက်မှုလုပ်ငန်းတွေ ထွန်းကားတဲ့ ထိုင်းနဲ့ ဗီယက်နမ်ကို ရောင်းစားတာများပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ် လာအိုနိုင်ငံရဲ့ မဲခေါင်မြစ်ပေါ်က ပထမဆုံးဆည်ကြီးဖြစ်တဲ့ ဇာယာဘူရီဆည်ကြီး ဆောက်ဖို့အတွက် မဲခေါင်သဘောတူညီချက်အရ ကျန်တဲ့ ၃နိုင်ငံနဲ့ ဆွေးနွေးကြတဲ့အချိန်မှာ ဗီယက်နမ်ဘက်က တော်တော်လေး အသံကျယ်ကျယ်လောင်လောင် ထွက်ခဲ့ဘူးပါတယ်။

မဲခေါင်မြစ်တွင်းက ဗီယက်နမ်ရေပေါ်ဈေး

          ဒါလည်း သူ့အပြစ်လို့တော့ မဆိုသာပါဘူး။ ဘာလို့လဲဆိုတော့ တကယ်လို့သာ ဒီဆည်ကြီးကို သဘာဝပတ်ဝန်းကျင်အရရော ပထဝီမြစ်ကြောင်းသဘောအရပါ ဘာမှသေသေချာချာမတွက်ချက်ခဲ့ရင် ဖြစ်လာမဲ့ဆိုးကျိုးတွေကို အရင်ဆုံးခံစားရမှာက မြစ်အောက်ဆုံးပိုင်းက ဗီယက်နမ်မို့လို့ပါ။ အဲနောက်မှာတော့ နိုင်ငံ ၄ခုကပညာရှင်တွေ ပူးပေါင်းတွက်ချက်ကြပြီးတော့ ဆည်ကြောင့်ဖြစ်လာမဲ့ မြစ်ရဲ့ အနည်အနှစ်ပို့ချမှုတွေ၊ ရေချိုငါးသယံဇာတ မျိုးစိတ်တွေအတွက် ကာကွယ်ရေးတွေ၊ မြစ်ကြောင်းတစ်လျှောက် မှီတင်းနေထိုင်ကြတဲ့ လူထုရဲ့လူမှုရေး၊ စီးပွားရေး တွေကိုအသေးစိတ် ဆန်းစစ်တဲ့ စာတမ်းထွက်လာတော့မှ သဘောတူညီမှုရရှိခဲ့ပြီး ဆည်တည်ဆောက်မှုကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့ကြတာပါ။ ဒါကြောင့်လဲ ခုနောက်ပိုင်း ဆည်အသစ်ဆောက်မယ်ဆိုရင် ဒီစာတမ်းကို နမူနာယူပြီး ဆက်လေ့လာကြတာများပါတယ်။
          ပြီးခဲ့တဲ့နှစ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုကထုတ်ပြန်တဲ့ စာတမ်းမှာတော့ မဲခေါင်မြစ်ပေါ်က ဆည်တွေဟာ လိုအပ်တာထက်ပိုများနေပြီး ကြီးမားတဲ့ ဒီရေစီးကြောင်းကြီးကို အိုင်ငယ်အဆင့်ဆင့်တွေ လုပ်ထားသလိုဖြစ်နေလို့ မြစ်ရဲ့ သဘာဝဂေဟစနစ်ကို ပြန်ပြင်မရအောင် ပျက်စီးစေနိုင်တယ်လို့ ထောက်ပြထားပါတယ်။ နောက် ဒီအဖွဲ့ကပဲ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေရဲ့ လျှပ်စစ်ဓါတ်အားသုံးစွဲမှုအပေါ် အခြေပြုပြီး ထောက်ပြထားတာတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ခုလက်ရှိ ဆည်တွေက ထုတ်ပေးတဲ့ လျှပ်စစ်ဓါတ်အားဟာ ဒေသတစ်ခုလုံအတွက် လုံလောက်မှုရှိနေပြီဖြစ်လို့ ဆည်အသစ်တွေ ထပ်မဆောက်သင့်တော့ဘူးလို့ ရှင်းပြထားတာပါ။ နိုင်ငံတွေအနေနဲ့ မြစ်ကို ထပ်နှိပ်စက်မဲ့အစား လေအားလျှပ်စစ်လိုမျိုး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းတဲ့ စွမ်းအင်အရင်းအမြစ်ကို ရှာဖွေသင့်ပြီလို့ တိုက်တွန်းထားပါတယ်။
        သူတို့ထောက်ပြတာ မမှားဘူးဆိုတာ မနှစ်က ဖြစ်ခဲ့တဲ့ ပုံမှန်မဟုတ်ဘဲ ရေနည်းလာတဲ့ ရေလမ်းကြောင်းတွေ၊ မိုးတွင်းဆို ပုံမှန်ထက် ရေပိုကြီးတာတွေက သက်သေခံနေပါတယ်။ ဒါ့အပြင် ဒီနှစ်နှစ်စပိုင်းမှာဖြစ်ခဲ့တာကတော့ ထိုင်းနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ မဲခေါင်မြစ်အထက်ပိုင်းက တရုတ်နိုင်ငံပိုင် ဆည်တစ်ခုကြောင့် ရေစူးမငြိမ်သက်မှုတွေ ဖြစ်ခဲ့ရပါသေးတယ်။ ဒီလို မငြိမ်သက်တဲ့ ရေအတိမ်အနက်ပြောင်းလဲမှုတွေကြောင့် ထိုင်းနိုင်ငံဘက်က ငါးဖမ်းလုပ်ငန်းတွေ တော်တော်ထိခိုက်ခဲ့ရပြီး ရာသီဥတုပြောင်းလဲမှုနဲ့ လူတွေရဲ့လက်ချက်တွေကြောင့် သဘာဝဂေဟစနစ်တွေ ပိုပိုပျက်စီးတော့မဲ့အပြင် မြစ်ဝှမ်းကြီးကို မှီခိုနေတဲ့ သန်းပေါင်းများစွာသော လူထုတွေရဲ့ အရေးကို ကြိုစိတ်ပူနေတဲ့ သူတွေကလည်း ပူနေကြပါပြီ။ ခုလက်ရှိ မဲခေါင်မြစ်ကြီးနဲ့ သူရဲ့ မြစ်လက်တက်တွေအပေါ်မှာ ဆောက်ပြီးသွားတဲ့ ဆည်ပေါင်း ၅၆ ခုထိရှိပြီး ဆောက်နေဆဲ ဆည်ပေါင်းက ၃၁ခုရှိပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bangkok Post
Photo: Thai PBS World, Semester at Sea

%d bloggers like this: