0

“လူမည်းများမဝင်ရ” စာတန်းကပ်ခဲ့တဲ့အတွက် McDonald’s China ပြန်တောင်းပန်ခဲ့ရ

Share

          ပြဿနာဖြစ်ခဲ့တာကတော့ တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့က မက်ဒေါ်နယ်ဆိုင်မှာဖြစ်ပြီး စာထဲမှာရေးထားတာကတော့ “ခုချိန်ကစလို့ ဆိုင်ထဲကို လူမည်းများဝင်ရောက်ခြင်းကို ကန့်သတ်တားမြစ်လိုက်ပါတယ်။ သင်တို့ရဲ့ ကျန်းမာရေးအတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ သီးသန့်ခွဲခြားနေထိုင်ဖို့ ရဲစခန်းကို အကြောင်းကြားပေးပါ” လို့ပါရှိတာပါ။ ဒီစာတမ်းဟာ လူမှုကွန်ယက် တွစ်တာမှာ ပြန့်နှံခဲ့ပြီးချိန်မှာတော့ တရုတ်နိုင်ငံက မက်ဒေါ်နယ်ရုံးချုပ်ဟာ စာတမ်းကို အမြန်ဖြုတ်ချခိုင်းခဲ့ပြီး ဆိုင်မန်နေဂျာကိုလဲ အရေးယူသွားမယ်လို့ ကြေငြာခဲ့တာပါ။ ဒီနောက်မှာ မက်ဒေါ်နယ်ကုမ္ပဏီဟာ ကွမ်ကျိုးမြို့က အာဖရိကန်အနွယ်ဝင် လူမည်းတွေကိုရော၊ နိုင်ငံတဝှမ်းက အာဖရိကန်လူမှုအဖွဲ့အစည်းတွေကိုပါ တောင်းပန်ကြောင်း စာထုတ်ပြန်ခဲ့ပါတယ်။
          စက်မှုမြို့တမြို့ဖြစ်တဲ့ ကွမ်ကျိုးမြို့ဟာ မြို့ခံလူထုနဲ့ နိုင်ငံခြားသား လူမည်းတွေကြား ပွတ်တိုက်မှုလေးတွေ ရှိနေတာ ကြာခဲ့ပြီဖြစ်ပါတယ်။ ကွမ်ကျိုးမြို့ဟာ တရုတ်နိုင်ငံထဲမှာ အာဖရိကန်နိုင်ငံသားတွေ အများဆုံးလာရောက် အလုပ်လုပ်ကိုင်ကြတဲ့မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ တုန်းကဆို ကွမ်ကျိုးလေဆိပ်ကနေ အာဖရိကန်နိုင်ငံသားတွေ အဝင်အထွက်လုပ်တဲ့ အကြိမ်ရေပေါင်းဟာ ၃သိန်း ၂သောင်းလောက်ရှိပါတယ်တဲ့။ ပြီးခဲ့တဲ့ ကိုရိုနာကပ်ရောဂါအတွင်း ကွမ်ကျိုးမြို့မှာ ရောဂါဖြစ်သမျှဟာ ဝင်လာတဲ့ နိုင်ငံခြားသားတွေဆီကဖြစ်ပြီးနောက်ပိုင်း မြို့ခံတွေက နိုင်ငံခြားသား အာဖရိကန်တွေကို အမြင်မကြည်မှုတွေ ဖြစ်လာတာပါ။ အရင်လကလည်း အိမ်ရှင်ကအိမ်ဆက်ပေးမငှါးတော့လို့ ချက်ခြင်းဆင်းပေးလိုက်ရတဲ့ အာဖရိကန်မိသားစုတွေ၊ ဟော်တယ်တွေကလက်မခံလို့ ယောက်လည်လည်ဖြစ်နေတဲ့ အာဖရိကန် ဝန်ထမ်းတွေရဲ့ ဗီဒီယိုတွေ လူမှုကွန်ယက်မှာ ပြန့်ခဲ့ပါသေးတယ်။
          မက်ဒေါ်နယ်ကုမ္ပဏီကတော့ နောက်ဆို သူတို့ဆိုင်တွေမှာ လူမှုအဖွဲ့အစည်းရဲ့ ကျင့်ဝတ်တွေကို လိုက်နာတဲ့ မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေကို သေချာစိစစ်ပြီး ခန့်သွားပါမယ်လို့ တောင်းပန်စာမှာပါရှိပါတယ်။ မက်ဒေါ်နယ်အနေနဲ့ ဒီလိုမျိုး လူမှုရေးပြဿနာဖြစ်ခဲ့တာ ပထမဆုံးတော့ မဟုတ်ပါဘူး။ မနှစ်က နိုဝင်ဘာတုန်းကလည်း ပေါ်တူဂီနိုင်ငံမှာ ဟော်လိုဝင်းပွဲတော်အတွက် အချိုပွဲကြော်ငြာကို “Sunday Bloody Sunday” လို့ကြော်ငြာခဲ့လို့ ပြန်တောင်းပန်ခဲ့ရပါသေးတယ်။ Bloody Sunday ဆိုတာကတော့ ၁၉၇၂တုန်းက မြောက်အိုင်ယာလန်နိုင်ငံမှာ လက်နက်မပါတဲ့ ဆန္ဒပြသူတွေက ဗြိတန်အစိုးရက အကြမ်းဖက်ဖြိုခွင်းလို့ လူ၁၄ယောက် ကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကိုရည်ညွှန်းပြီး နာမည်ပေးထားတာကြောင့်ပါ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN

G

%d bloggers like this: