Photo : asia.nikkei.com
တရုတ်နိုင်ငံကနေစခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဟာ ခုဆိုရင် ကမ္ဘာအနှံ့ကို ပျံ့နှံ့ပြီး WHO က ကပ်ရောဂါအဖြစ်ကြေငြာရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ လပိုင်းတွေက ဗိုင်းရပ်စ်ပျံ့နှံ့မှုရဲ့ ဗဟိုချက်မဖြစ်ခဲ့ဘူးတဲ့ တရုတ်နိုင်ငံတွင်းမှာ ခုဆိုရင် ဝင်ငွေအရမ်းကောင်းတဲ့ လုပ်ငန်းတစ်ခု စတင်လည်ပတ်နေပြီဖြစ်ပါတယ်။ အဲဒါဟာ တခြားတော့မဟုတ်ပါဘူး။ နှာခေါင်းစည်းထုတ်လုပ်ရေးလုပ်ငန်းပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်း ကူးစက်မှုပြင်းထန်ခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကဆိုရင် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ကုမ္ပဏီတစ်ခုဟာ နှာခေါင်းစည်းစက်ရုံအသစ်တစ်ခုကို ၁၁ရက်အတွင်း တည်ဆောက်ခဲ့တာပါ။ ဒီစက်ရုံမှာဆိုရင် ကုန်ထုတ်လိုင်း (၆)လိုင်းရှိပြီး ကူးစက်မှုဖြစ်ပွားတဲ့ ပြည်နယ်တွေဆီကို N95 နှာခေါင်းစည်းတွေ လျှင်လျှင်မြန်မြန်ပဲ ဖြန့်ချိပေးနိုင်ခဲ့ပါတယ်။
သူတို့ရဲ့မိခင်နိုင်ငံတရုတ်ပြည်ကြီးဟာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ခဲ့ရတဲ့ စီးပွားရေးကျဆင်းမှုတွေကို ပြန်လည်ကုစားနိုင်ဖို့ကြိုးစားနေချိန်မှာ ဒီနှာခေါင်းစည်းစက်ရုံကတော့ အမြတ်အစွန်းတွေ ထပ်ရလို့နေပါတယ်။ ခုလက်ရှိ ကူးစက်မှုနဲ့ သေဆုံးမှုပြင်းထန်နေတဲ့ အီတလီနိုင်ငံကို နှာခေါင်းစည်းတွေ တင်ပို့ရင်းနဲ့ပါ။ တရုတ်နိုင်ငံရဲ့ စီးပွားရေးသတင်းအချက်အလက် စုဆောင်းတဲ့ Tianyancha ဝက်ဆိုဒ်ရဲ့ဖော်ပြချက်အရ ၂၀၂၀ ခုနှစ်ရဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂လအတွင်း တရုတ်နိုင်ငံထဲမှာ နှာခေါင်းစည်းစက်ရုံအသစ်ပေါင်း ၈၉၅၀ အထိရှိတယ်လို့ သိရပြီး ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လိုအပ်ချက်မြင့်မားနေတဲ့ နှာခေါင်းစည်းတွေကို အပြိုင်အဆိုင်ထုတ်လုပ်နေကြတာပါ။
ဂွမ်ဒေါင်းပြည်နယ်၊ တုံဂွမ်မြို့စက်မှုဇုန်မှာရှိတဲ့ N95 နှာခေါင်းစည်း စက်ရုံကအရောင်းမန်နေဂျာကတော့ “ နှာခေါင်းစည်းထုတ်တဲ့စက်တွေဟာ တကယ်ကို ပိုက်ဆံရိုက်ထုတ်ပေးတဲ့စက်တွေလိုပါပဲဗျာ။ စဉ်းစားကြည့်လေ တစ်နေ့တစ်နေ့ နှာခေါင်းစည်းပေါင်း ၆သောင်း၊ ၇သောင်း လောက်ရောင်းရအောင် ထုတ်ပေးနေတာ ကျွန်တော်တို့အတွက်တော့ ငွေထုတ်စက်ကြီးပိုက်ထားရသလိုပဲ” လို့ ဂုဏ်ယူဝင့်ကြွားစွာပြောဆိုခဲ့ပါတယ်။ သူတို့နဲ့ စက်မှုဇုန်တစ်ခုတည်းမှာကိုပဲ နှာခေါင်းစည်းထုတ်တဲ့စက်ပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ စက်ရုံလည်းရှိနေပါတယ်။ ဒီစက်ရုံပိုင်ရှင် တရုတ်ကြီးကတော့ သူဟာ စက်ရုံထဲကို အရင်းအနှီး ယွမ်သန်း (၅၀) (ဒေါ်လာ ၇သန်း) လောက်ထပ်ထည့်ထားတယ်လို့ ဆိုပါတယ်။ သူတို့စက်ရုံဟာ ဇန်နဝါရီလ ၂၅ရက်နေ့ကနေစပြီး ၂၄နာရီလည်ပတ်နေတာ ဒီနေ့ထိပါပဲ။ ခုဆိုရင်သူတို့စက်ရုံဟာ တစ်စုံကို ယွမ် ၅သိန်း(ဒေါ်လာ ၇၁၀၀၀) လောက်တန်တဲ့ နှာခေါင်းစည်းထုတ်စက် အစုံပေါင်း ၇၀လောက် ရောင်းရပြီးပြီလို့ဆိုပါတယ်။ အဲဒါအပြင်ကို အော်ဒါ အစုံ၂၀၀လဲ ရရှိထားပါပြီ။ စက်ရုံပိုင်ရှင်ကတော့ သူ့စက်ဝယ်သွားတဲ့သူတွေအနေနဲ့ အရင်းပြန်ကျေဖို့က တကယ်ကို စိတ်ပူစရာမလိုတဲ့ ကိစ္စပါ။ ၁၅ရက်အတွင်းမှာကို စက်တွေက သူတို့ဘာသာသူတို့ အရင်းပြန်ရအောင်လုပ်ပေးလိမ့်မှာလို့ ပြောကြားသွားပါတယ်။
Photo : chinadaily.com
စက်ရုံတွေ မှိုလိုပေါက်လာတာရဲ့ တခြားတဘက်မှာ နှာခေါင်းစည်းထုတ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေလည်း ဈေးတွေတက်ကုန်ပါတယ်။ အရင်က တစ်တန်ကို ယွမ်၁သောင်းလောက်ပေးရတဲ့ ကုန်ကြမ်းပိတ်သားတွေဟာ ခုဆိုရင် ယွမ် ၄သိန်းလောက်ထိ ပေါက်ဈေးဖြစ်နေပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာဝယ်လိုအားမြင့်တက်နေတဲ့အတွက် အမြတ်ရဖို့တော့ပူစရာမရှိဘူးလို့ ပြောကြပါတယ်။ စက်အပိုပစ္စည်းထုတ်လုပ်ရေးပိုင်ရှင် ယူလီရှင်းကတော့ သူဟာအရင်က အထည်ချုပ်စက်ရုံတွေအတွက် စက်အပိုပစ္စည်းတွေ ထုတ်လုပ်ပေးခဲ့တာပါ။ ခုဆိုရင် သူ့စက်ရုံဟာ နှာခေါင်းစည်းထုတ်စက်တွေအတွက် အပိုပစ္စည်းတွေ ထုတ်လုပ်ပေးနေရပါတယ်။ အော်ဒါတွေအရမ်းကျလွန်းလို့ သူဆိုရင် တစ်ရက်ကို ၂နာရီ ၃နာရီပဲအိပ်ရပါတော့သလို လာဝယ်တဲ့သူတွေကလည်း လိုအပ်တဲ့ စက်အစိတ်အပိုင်းတွေ ရရခြင်းတန်းယူလို့ရအောင် စက်ရုံမှာ ညအိပ်စောင့်ကြပါတယ်တဲ့။ တချို့ ဝယ်သူတွေဆို သူတို့စက်ရုံရှိတဲ့ပြည်နယ်ပြန်ဖို့ အတွက် ပုံမှန်လမ်းတွေဟာ ပိတ်တာဆို့တာတွေနဲ့ ကြုံရင် ကွေ့ပတ်သွားရတဲ့အတွက သယ်ယူစရိတ်က ဆယ်ဆလောက်တက်နေတာပါ။ မစ္စတာယူကတော့ ခုချိန်မှာ နှာခေါင်းစည်းထုတ်တဲ့ စက်ရုံတွေဟာ အော်ဒါအချိန်မီပေးနိုင်ဖို့နဲ့ ငွေမြန်မြန်ပေါ်ဖို့ကလွဲရင် ဘာမှမမြင်ကြတော့ဘူးလို့ ဆိုသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source : BangkokPost