စင်္ကာပူ၏ နာမည်ကျော် ကာစီနိုနှင့် အပန်းဖြေ အဆောက်အဦကြီးဖြစ်သော Marina Bay Sands’ MSB) ကို ဒေါ်လာ ၃.၃ ဘီလီယံ အကုန်ကျခံ၍ ထပ်မံတိုးချဲ့မည့် အစီအစဉ်သည် ထပ်မံရွှေ့ဆိုင်းသွားပြီဖြစ်ပြီး မည့်သည့်အချိန်မှ တည်ဆောက်မှု စတင်နိုင်မည်ကို အတည်မပြုနိုင်သေးကြောင်း ၎င်းလုပ်ငန်း၏ ပိုင်ရှင်ဖြစ်သော အမေရိကန် ကုမ္ပဏီ၏ အစီအရင်ခံစာတွင် ပါရှိခဲ့သည်။
Marina Bay Sands’ ကို အမေရိကန်အခြေစိုက် ကာစီနိုနှင့် အပန်းဖြေလုပ်ငန်းများ ကုမ္ပဏီ Las Vegas Sands (LVS) ကဦးစီးလည်ပတ်လျက်ရှိပြီး ကနဦးတွင် ထပ်မံတိုးချဲ့ခြင်း စီမံကိန်းသည် ၂၀၂၅ တွင် ပြီးစီးမည်ဟု ရည်ရွယ်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကြောင့် စီမံကိန်းအားလုံး ရပ်ဆိုင်းခဲ့ရသည်။
LVS အနေဖြင့် ယခုကဲ့သို့ နှောင့်နှေးမှုများကြောင့် စင်္ကာပူအစိုးရနှင့် သဘောတူထားသည့် စာချုပ်များကို ယခုနှစ် ဧပြီတွင် ထပ်မံသက်တမ်းတိုးရန် လိုအပ်ပြီး ဖေဖော်ဝါရီ ၃ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်အရ LVS သည် စင်္ကာပူအစိုးရပေးထားသည့် သတ်မှတ်အချိန်အတွင်း စီမံကိန်းကို စတင်ရန်မှာ မလွယ်ကူကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် LVS အနေဖြင့် Marina Bay Sands’ တိုးချဲ့မည့် စီမံကိန်း အပြီးသတ်မည့် အချိန်ကို ပြန်လည် ပြောင်းလဲပေးရန် စင်္ကာပူအစိုးရနှင့် ဆွေးနွေးလျက်ရှိပြီး စီမံကိန်း အတွက် ဘတ်ဂျက်နှင့် ကြာချိန်အတိအကျကိုလည်း ကိုဗစ်-၁၉ အပါအဝင် အခြားသော အချက်အလက်များအပေါ် မူတည်၍ ပြန်လည် တွက်ချက်နေကြောင်း ရေးသားထားသည်။
အဆိုပါ MBS တိုးချဲ့မည့် စီမံကိန်းသည် ၂၀၁၉ ခုနှစ်တွင် စတင်ကြေငြာခဲ့ခြင်းဖြစ်ပြီး အခန်း ၁၀၀၀ ပါ ဇိမ်ခံဟော်တယ်နှင့် လူ တစ်သောင်းခွဲ ဝင်ရောက် ကစားနိုင်မည့် ကာစီနို ဧရိယာတို့ ပါဝင်ကာ လက်ရှိ တည်ရှိပြီးသားဖြစ်သည့် MSB ၏ တာဝါ ၃ ခုဘေးတွင် စတုတ္ထမြောက်တာဝါအဖြစ် တည်ဆောက်သွားရန်ဖြစ်သည်။
MBS ၏ မူရင်း တာဝါ ၃ခုကိုလည်း LVS အနေဖြင့် သီးခြား အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နေပြီး ဒေါ်လာ ၁ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ကာ ယခုနှစ် ၂၀၂၃တွင် ပြီးစီးမည်ဖြစ်ပြီး တိုးချဲ့မှု စီမံကိန်းမှာမူ စင်္ကာပူအစိုးရနှင့် သက်တမ်းတိုးရန် ညှိနှိုင်းမှု အဆင်မပြေပါက သဘောတူစာချုပ်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: NHK, The Strait Times
Photo: MotherShip.SG