မလေးရှားနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန်ကိစ္စများအတွက် မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်နှင့်အီလွန်မက်စ်တို့သည် ၂၅ မိနစ်ကြာ Video call ဖြင့် ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် Tesla လျှပ်စစ်ကားများ မလေးရှားတွင် စတင်ဖြန့်ချိရန်နှင့် Starlink အင်တာနက်ဝန်ဆောင်မှုအတွက် ရင်းနှီးမြှပ်နှံမှုများ စတင်ရန် ကိစ္စများကို ပြောဆိုခဲ့ကြပြီး ဝန်ကြီးချုပ်က Tesla ၏ မလေးရှားစျေးကွက်သို့ အခြေချရန်ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
Tesla သည် ကွာလာလမ်ပူအနီးရှိ ဆီလန်ဂေါတွင် မလေးရှားရုံးချုပ်ကို ဖွင့်လှစ်မည်ဖြစ်ပြီး လျှပ်စစ်ကားများစတင်ဖြန့်ဖြူးခြင်းကို ဂျူလိုင် ၂၀ ခန့်တွင် စတင်နိုင်မည်ဟု ခန့်မှန်းထားသည်။
မလေးရှား အစိုးရက Tesla ၏ ကားတင်သွင်းခွင့် လျှောက်လွှာကို အတည်ပြုပေးခဲ့ပြီးနောက် ပြီးခဲ့သည့်သောကြာနေ့က Tesla၏ တွစ်တာတွင် Model Y ကားများ မလေးရှားတွင် အော်ဒါတင်ရပြီဖြစ်ကြောင်း ပို့စ်တင်ထားခဲ့သည်။
ဝန်ကြီးချုပ် အန်နဝါက မလေးရှားအနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သော ၂၀၅၀တွင် ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရမည်ဆိုသည့် မျှော်မှန်းချက်အား ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လျှပ်စစ်ကားကဲ့သို့သန့်ရှင်းသောစွမ်းအင် ကဏ္ဍများအတွက်လည်း လိုအပ်သည့် အခြေခံများ ပံ့ပိုးပေးရန် အသင့်ဖြစ်နေကြောင်းပြောကြားခဲ့သည်။
Starlink ကိစ္စနှင့်ပတ်သတ်၍လည်း မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှု ကွန်ရက်ကို ဧရိယာများများ ဖြန့်ကျက်နိုင်ရန်၊ အထူးသဖြင့် မလေးရှား၏ ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများကို ဦးစားပေး ဖြန့်ကျက်နိုင်ရန် ဝန်ကြီးချုပ်နှင့် အီလွန်မက်စ်တို့ ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများတွင် Starlink ကိုဖြန့်ကျက်နိုင်ပါက ဒေသခံများ၏ ကျန်းမာရေး၊ လူမှုဘဝနှင့်ပညာရေးတို့ကို ကောင်းစွာ အထောက်အပံ့ဖြစ်စေမည်ဖြစ်ပြီး စိုက်ပျိုးရေးနည်းပညာများကိုလည်း တိုးတက်စေနိုင်ကာ တစ်ဦးခြင်းဝင်ငွေမြင့်မား မှုပါရရှိစေမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ကူးယူဖော်ပြခွင့် မပြုပါ။
Source: Al Jazeera
Photo: Pipa News