တရုတ်ပြည်၏ အကြီးဆုံး Coffe Chain ကြီးဖြစ်သည့် လက်ခ်ကင် ကော်ဖီကုမ္ပဏီက လုပ်ငန်းတွင် ငွေကြေးမသမာမှုများနှင့်ပက်သက်၍ ၎င်း၏ CEO ဖြစ်သူ Jenny Zhiya Qian နှင့် COO ဖြစ်သူ Jian Liu တို့ကို အလုပ်မှ ထုတ်ပယ်ကြောာင်း အင်္ဂါနေ့ (ယမန်နေ့) က ကြေငြာခဲ့သည်။
၎င်းတို့နှစ်ဦးကို ဘုတ်အဖွဲ့မှလည်း ထုတ်ပယ်ထားပြီးဖြစ်သလို ယခု အပြောင်းအလဲများသည် ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက သက်ရောက်ပြီးဖြစ်ကြောင်း သိရသည်။
(ပုံမှာ စီအီးအိုဖြစ်သူ Jenny Qian က Nasdaq တွင် ရှယ်ယာရောင်းချစဉ်က မိန့်ခွန်းပြောကြားနေပုံဖြစ်သည်။)
အဆိုပါ ကော်ဖီဆိုင်လုပ်ငန်းကြီးသည့် လုပ်ငန်းအတွင်း ကော်ဖီအရောင်းနှင့်ပက်သက်၍ လိမ်လည်မှုများရှိနေပြီး စုံစမ်းဖေါ်ထုတ်နေကြောာင်း ဧပြီ ၂ ရက်နေ့က စတင်ကြေငြာခဲ့သည်။
Chief Operating Officer ဖြစ်သူ Jian Liu က ယွမ် ၂.၂ ဘီလျံ (ကန်ဒေါ်လာ သန်း ၃၁၀) ခန့်ကို အရောင်းပမာဏ ပိုမိုတင်ပြထားမှုများရှိသည်ကို တွေ့ရှိခဲ့ရပြီး အခြား ပါဝင်ပါတ်သက်ဖွယ်ရှိသည့် ဝန်ထမ်း ၆ ဦးကိုလည်း ရာထူးလျှော့ချခြင်း၊ အလုပ်မှ ရပ်ဆိုင်းထားခြင်းများ ဆောင်ရွက်နေပြီဖြစ်သည်။
Luckin Coffee ၏ အရောင်းစာရင်းများနှင့်ပက်သက်၍ အခြား လွတ်လပ်သော စာရင်းစစ်အဖွဲ့များဖြင့် စစ်ဆေးခြင်းမရှိခဲ့ဟု ကုမ္ပဏီက ဆိုသည်။
ယခုအခါ ကုမ္ပဏီသည် အထူးကော်မတီများဖွဲ့စည်း၍ အမေရိကန် ဥပဒေရေးရာ အတိုင်ပင်ခံလုပ်ငန်းကြီး Kirkland & Ellis ကို အကြံပေးအဖွဲ့အဖြစ်ငှားရမ်း၍ FTI Consulting ကိုလည်း စာရင်းလိမ်လည်မှုများ ဖေါ်ထုတ်ရန် ငှားရမ်းခဲ့ပြီဖြစ်သည်။
လက်ကင်၏ ရှယ်ယာများမှာ Nasdaq exchange ပေါ်တွင် ဧပြီလ ၇ ရက်နေ့မှ စ၍ အရောင်းအဝယ်များ လုံးဝ ရပ်တန့်သွားခဲ့ပြီး မည်သည့်အချိန်ထိ စတော့ အရောင်းအဝယ်ရပ်တန့်နေမည်ကို မသိရသေးပေ။
ရှယ်ယာဈေးမှာမူ စာရင်းလိမ်လည်မှုကို စတင်ထုတ်ပြန်သည့် အချိန်မှစ၍ ၈၃% ခန့် ကျဆင်းခဲ့ပြီးဖြစ်သည်။
ကော်ဖီဆိုင်ခွဲများမှာ ဆက်လက်ဖွင့်လှစ်ထားပြီး ရိုက်တာသတင်းမှ လာသော အချက်အလက်များအရ လူများသည် Luckin Coffee ကော်ဖီ ၁ ခွက် အခမဲ့ ရယူရန် ဖုန်းသုံး App ကို အကြီးအကျယ် ဒေါင်းလုဒ် ဆွဲနေကြကြောင်း သိရသည်။
လက်ကင်ကော်ဖီက လတ်တလော အကြံပေးလုပ်ငန်းကြီးများ ငှားရမ်းနေခြင်းမှာ ကျဆင်းသွားသော ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန် ဖြစ်ပုံရပြီး ကုမ္ပဏီသည် တရုတ်ပြည်အတွင်း၌ ၂၀၁၇ ခုနှစ် ကုန်ခါနီးတွင် စတင်တည်ထောင်ခဲ့ကာ ၃ နှစ်အတွင်း ကမ္ဘာပေါ်တွင် တိုးတက်မှုအမြန်ဆုံး လုပ်ငန်းကြီးဖြစ်လာခြင်းဖြစ်သည်။
၂ နှစ်ခွဲအတွင်း တရုတ်ပြည်တွင်း၌ ဆိုင်ခွဲပေါင်း ၄သောင်းခွဲကျော် ရှိလာပြီး ပြိုင်ဘက် Starbucks ထက် များပြားလာခြင်းဖြစ်ကာ ကမ္ဘာတဝှမ်းနာမည်အကြီးဆုံး စတားဘတ်ကို အလဲထိုးရန် ပြင်နေပြီဖြစ်သည်။
ကုမ္ပဏီရှိ စီအိုအို လိမ်လည်တင်ပြသော စာရင်းမှာ 2019 Q2 မှ Q3 (၂၀၁၉ ခုနှစ် ဒုတိယ ၃ လပတ်မှ တတိယ ၃ လပတ်စာရင်းအထိ) ဖြစ်ပြီး Nasdaq ပေါ် တွင် ရှယ်ယာရောင်းဝယ်မှု ရပ်ဆိုင်းသွားခြင်းမျိုးသည် ပြန်လည်ပြင်ဆင်ရန် အချိန်ကြာမြင့်နိုင်မည်။
၂၀၀၈ ခုနှစ် ဘဏ္ဍာရေး ပျက်ကပ်ဖြစ်ပြီးနောက်ပိုင်းတွင် အမေရိကန် စတော့ရှယ်ယာလိမ်လည်မှုများနောက်တွင် တရုတ်ပြည်၏ ကုမ္ပဏီကြီးများ ကမ္ဘာ့စတော့အိတ်ချိန်းကြီးများပေါ်တွင် နာမည်ရလာကာ ယခုကဲ့သို့ လိမ်လည်သည့်ဖြစ်စဉ် Fraud Cases များလည်း တွေ့လာရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: CNBC News, Real Money – The Street, Luckin Coffee, Reuters