အမေရိကန်ပြည်ထောင်စု၊ Wall Street ရှိ ဘဏ္ဍာရေးလုပ်ငန်းကြီးအဖြစ် လူသိများသော Goldman Sachs သည် လူမှုမီဒီယာ ပလက်ဖေါင်းအသစ်ကို ၁ ခုကို ဖန်တီးခဲ့ပြီး ယင်းကို ဝန်ထမ်းများအကြား Corporate ကွန်ယက် အဖြစ် အသုံးပြုသွားရန် ရည်ရွယ်သည်ဟု သိရသည်။
Louisa ဟု အမည်ပေးထားသော အဆိုပါ လူမှုမီဒီယာ Social networking platform သည် လူလုပ်အသိဉာဏ် AI ကို အားပြုကာ ဖန်တီးထားသည်။
Louisa ကို Goldman Sachs လုပ်ငန်းပိုင် တက်သစ်စ app ၁ ခု အဖြစ် ပြီးခဲ့သည့် ၂ နှစ်ခွဲအတွင်း ၎င်းတို့သီးသန့်သာ အသုံးပြုခဲ့ရာမှ ယခုအခါ Goldman Sachs ၏ ကြီးကြပ်မှုအောက်မှ ထွက်ခွါခွင့်ပေးလိုက်ကာ လွတ်လွတ်လပ်လပ် ရပ်တည်သွားမည်ဟု သိရသည်။
Louisa ကို တည်ထောင်သူ အမှုဆောင်ချုပ် Rohan Doctor က လက်ရှိတွင် ၎င်းတို့အနေဖြင့် အသုံးပြုသူများ တိုးပွားလာရန် ကြိုးစားနေပြီး ဝန်ထမ်းများ အနေဖြင့် ချိတ်ဆက်အသုံးပြုခြင်းကြောင့် အချက်အလက်ဆိုင်ရာ အကျိုးကျေးဇူးများရရှိကာ employee network အတွင်း ၁ ဦးနှင့် ၁ ဦး သိကျွမ်းလာမှုများ ရစေမည်ဟု ဆိုသည်။
မိခင်ကုမ္ပဏီ Goldman Sachs သည် ပြီးခဲ့သည့် နှစ်များအတွင်း ဒစ်ဂျစ်တယ်နည်းပညာပိုင်းကို အာရုံစိုက်ရန် Google, Amazon မှ အတွေ့အကြုံရှိဝန်ထမ်းများကို ဆက်တိုက် ခေါ်ယူနေပြီး တက်သစ်စ startup ideas များ ပိုမိုထွက်ပေါ်လာရန် ကြိုးပမ်းနေပြီး ယခု Louisa သည် ၎င်းတို့ အိုင်ဒီယာများထဲမှ အများသို့ ချပြသော လုပ်ငန်း ၁ ခု ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက Goldman Sachs သည် လုပ်ငန်းခွင်သုံးမီဒီယာ Linked In ကဲ့သို့ ကွန်ယက် ၁ ခုကို ဖန်တီးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ရာ မကြာမီ အခြား ကုမ္ပဏီများမှ ဝန်ထမ်းများလည်း အသုံးပြုနိုင်တော့မည်ဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, Goldman Sachs, eFinancial Careers
Image: Forbes