0

ဟောင်ကောင်သူဌေးလီကာရှင်း၏ ဒေါ်လာ ၁.၂ ဘီလျံတန် လန်ဒန်အိမ်ရာစီမံကိန်း ၁၅ နှစ်အကြာတွင် ခွင့်ပြုချက်ရ

Share

ဟောင်ကောင် သူဌေး လီကာရှင်းပိုင် CK Asset Holdings က ဝယ်ယူထားသော အင်္ဂလန်၊ လန်ဒန်မြို့ Thames River (ထမ်းစ် မြစ်) ဘေးရှိ မြေကွက်တွင် ပေါင် ၁ ဘီလျံ (ဒေါ်လာ ၁.၂ ဘီလျံ) တန်ကြေးရှိအိမ်ရာစီမံကိန်း ဆောက်လုပ်ခွင့်ကို ၁၅ နှစ်အကြာ စောင့်စားခဲ့ရပြီးနောက် ခွင့်ပြုချက်ရရှိခဲ့သည်။

အဆိုပါ အိမ်ရာတွင် အိမ်ပေါင်း ၃၅၀၀ ခန့် ပါဝင်မည်ဟု သိရသည်။

ယခုကဲ့သို့ အပြောင်းအလဲသည် ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်မှ ဟောင်ကောင်သားများကို ဗြိတိန်သို့ လာနေခွင့်နှင့် နိုင်ငံသားဖြစ်ရေးသို့ ဦးတည်သည့် အခွင့်အရေးများ ပေးမည်ဟု ထုတ်ဖေါ်ပြောကြားခဲ့အပြီးတွင် ခွင့်ပြုချက်ရလာခြင်းဖြစ်သည်။

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်အကြားပြဿနာများ ဖြစ်ပွားနေမှုအပေါ် ယခင်က ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့ဖူးသည့် ဟောင်ကောင်အား နိုင်ငံရေးနှင့် စီးပွားရေးအရ အကူအညီများပေးအပ်ရန် ရည်ရွယ်သည့် ဗြိတိန်၏ အစောဆုံး လှုပ်ရှားမှုများဟု ဆိုနိုင်မည်ဖြစ်သည်။

လီကာရှင်း၏ CK Asset Holdings သည် News International (ဗြိတိန် သတင်းကုမ္ပဏီ) ထံမှ လန်ဒန် Thames မြစ်ဘေးရှိမြေကွက်ကို ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်က ပေါင်စတာလင် သန်း ၁၀၀ ပမာဏဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မြေကွက်ရရှိပြီးနောက် ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုမိန့်ကျလာစေရန် နှစ်နှင့်ချီ ကြိုးစားခဲ့ရသည်။

ဟောင်ကောင် ဆောက်လုပ်ရေးကုမ္ပဏီကြီးက ယခု စီမံကိန်းတွင် အိမ်ရာများ၊ ဟိုတယ်များ၊ ဈေးဆိုင်နှင့် စားသောက်ဆိုင်များ ပါဝင်လာမည်ဟု ကြေငြာထားသည်။

အကျယ်အဝန်းအားဖြင့် 16.6 Hectares (၁၆.၆ ဟက်တာ = ၁၇၈၆၈၀၉ စတုရန်းပေ) ရှိနေရာ အိမ်ရာအဝန်းအဝိုင်းသည် ဘောလုံးကွင်း ၂၃ ကွင်းစာမျှ ကျယ်ဝန်းသည်ဟု သိရသည်။

ယခု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အတွင်းက လန်ဒန်မြို့တော်ဝန်ဖြစ်နေခဲ့ရာ အဆိုပါ မြေကွက်တစ်ဖြစ်လည်း နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ Deptford Dockyards သင်္ဘောကျင်းမြေနေရာအား အခြားနည်း အသုံးပြုရန်ခွင့်ပြုပေးခဲ့သည်ဟု ဆိုသည်။

လီကာရှင်း၏ ကုမ္ပဏီအနေဖြင့် ဝယ်ယူခဲ့သည့် ၂၀၀၅ ခုနှစ်မှစ၍ စီမံကိန်း ပုံစံအမျိုးမျိုး၊ ခွင့်ပြုမိန့်ရရန် ပြောင်းလဲပြင်ဆင်မှုအမျိုးမျိုးတို့ကို အကြိမ်ကြိမ်တင်ပြခဲ့ရသည်ဟု သိရပြီး အိမ်ရာနှင့် ပါတ်သက်သည့် အစီအစဉ်များ၊ ဒီဇိုင်းများ၊ ဒီဇိုင်းပြင်ဆင်ရမှုများ၊ ကမ်းလှမ်းချက် မျိုးစုံကို ကြိုးစားခဲ့ရသည်ဟု အဆိုပါ စီမံကိန်းနှင့် ပါတ်သက်သော သတင်းရပ်ဝန်းမှ ဆိုကြသည်။

CK Asset သည် ဟောင်ကောင်၏ ဒုတိယအကြီးဆုံး ဆောက်လုပ်ရေး ကော်ပိုရေးရှင်းကြီးဖြစ်ပြီး “Superman Li” ဟု အများက ခေါ်ဆိုကြသည့် သူဌေးကြီး လီကာရှင်းပိုင် လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။

ဟောင်ကောင်တွင် အချမ်းသာဆုံး လီကာရှင်းသည် အသားတင်ကြွယ်ဝမှု ဒေါ်လာ ၂၉.၄ ဘီလျံရှိပြီး ကမ္ဘာတလွှား သင်္ဘောဆိပ်ကမ်းကြီးများကို ပိုင်ဆိုင်မှုနှင့်လည်း နာမည်ကြီးသူဖြစ်သည်။

 

ဗြိတိန်၏ ယခု ခွင့်ပြုချက်နှင့် လှုပ်ရှားမှုများကို အချိန်ကိုက်၊ အခါကောင်း ဆုံးဖြတ်ချက်များဟု ဝေဖန်သုံးသပ်လျက်ရှိကြသည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။

Source: South China Morning Post, Forbes, News UK Group
Photo: Richard Rogers Partnerships/ Melon Studios

 

%d bloggers like this: