မြေထဲပင်လယ်ဒေသမှာရှိတဲ့ လူဦးရေ ၇သန်းလောက်မှီတင်းနေထိုင်ရာ ဒီနိုင်ငံလေးဟာ ဒုက္ခပင်လယ်တွေ ကြားထဲမှာမျောနေပါပြီလို့ လက်ဘနွန်ဝန်ကြီးချုပ် ဟာဆန်ဒိုင်ယက် ကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလမှာ နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေ ရာခိုင်နှုန်းဟာ ၃၀ရာခိုင်နှုန်းထိရှိခဲ့ပြီး အစားအသောက်တန်ဖိုးတွေ ဖောင်းပွမှုနှုန်းဟာ ၁၉၀ရာခိုင်နှုန်းနဲ့ မိုးထိုးလို့နေပါတယ်။ ဒါ့အပြင် နိုင်ငံတွင်း စက်သုံးဆီမလုံလောက်မှုတွေက အစပြုလို့ ဓါတ်အားပေးစက်ရုံတွေ ကောင်းကောင်းမလည်ပတ်နိင်တဲ့အတွက် တစ်နေ့ကို နာရီ (၂၀)လောက် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေနဲ့ ကြုံနေရတာပါ။
လက်ဘနွန်အစိုးရ စီးပွားရေးအကြံပေး ပုဂ္ဂိုလ် Henri Chaoul ကတော့ ခုချိန်မှာ ပြည်သူတွေ အနေနဲ့ကတော့ ရွေးစရာက လမ်းမပေါ်ထွက် ဆန္ဒပြဖို့ပဲ ကျန်တော့တယ်နဲ့ တူပါတယ်ဆိုပြီး မြို့တော်ဘေရွတ် လမ်းမပေါ်တွေက ဆန္ဒပြမှုတွေကို ကြည့်ပြီးဆိုပါတယ်။ CNBC ကနေပြီး လက်ရှိ လက်ဘနွန်ရဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို မေးမြန်းရာမှာတော့ “လက်ဘနွန်ရဲ့ နိုင်ငံရေးစနစ်ကတော့ တဖြည်းဖြည်းနဲ့ ပြင်ဆင်ရင်းတိုးတက်မဲ့ ပုံမရှိတော့ပါဘူး။ အကုန် အသစ်ပြန်လုပ်ရတော့မှာပါ။ တကယ်တော့ ပြည်သူတွေလိုအပ်နေတာ နိုင်ငံရေးစနစ်ကြီး တစ်ခုလုံးရဲ့ ပြုပြင်ပြောင်းလဲရေးပါ။ ဒီလိုမျိုး ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း ပြင်တာမျိုးမဟုတ်ပါဘူးလို့” ပြန်လည်ဖြေကြားခဲ့ပါတယ်။
လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေက အဆိုးဆုံးအခြေအနေမှာ ရှိနေပြီး မြို့တော် ဘေရွတ်ရဲ့ လမ်းမတွေဟာ ခြောက်ကပ်မှောင်မဲလို့နေပါတယ်။ အာဏာပိုင်တွေကတော့ စက်သုံးဆီမလုံလောက်မှုကို ဖြေရှင်းနိုင်ဖို့ကြိုးစားနေသေးတဲ့အတွက် ဒီလိုမီးပျက်တာတွေဟာ နောက်နှစ်ပတ်လောက်ထိ ဆက်ဖြစ်နေဦးမှာလို့ ကြေငြာထားတာပါ။ မြို့တော်ရဲ့ ပြည့်သူ့ဆေးရုံကြီးမှာဆိုရင်လည်း မီးပျက်သွားတဲ့ အချိန်တွေဆို ခွဲခန်းဝင်ရတဲ့ လူနာတွေ၊ အသက်ကယ်စက်ပေးထားတဲ့ လူနာတွေအတွက် အရန်မီးစက်ကို ချွေတာသုံးစွဲပေးနေရပြီး ဆေးရုံအုပ်ကြီးကတော့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ “တိမ်ညိုတွေဟာ အုံ့မှိုင်းနေပြီး နိုင်ငံကတော့ မုန်တိုင်းကြီးတစ်ခုထဲကို တည့်တည့်ကြီး ပြေးဝင်တော့မယ်နဲ့ တူပါတယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။
ဒါတွေအပြင် လက်ဘနွန်ငွေကြေးစနစ်ဖြစ်တဲ့ လက်ဘနွန်ပေါင်ရဲ့ ဝယ်ယူနိုင်အားဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာကစလို့ တဖြည်းဖြည်းကျဆင်းလာခဲ့တာ ခုဆိုရင် ၈၀ရာခိုင်နှုန်းထိ ဆင်းသွားခဲ့ပါပြီး။ ဗဟိုဘဏ်က သတ်မှတ်တဲ့ ငွေလဲနှုန်းမှာတော့ အမေရိကန် ၁ဒေါ်လာကို လက်ဘနွန်ပေါင် ၁၅၀၀ ကျော်ကျော်လောက် ရှိနေသေးပေမဲ့ မှောင်ခိုဈေးကွက်မှာတော့ ၁ဒေါ်လာကို လက်ဘနွန်ပေါင် ၉၀၀၀ ထိပေါက်ဈေးဖြစ်နေပါတယ်။ လက်ဘနွန်ဟာ နိုင်ငံတကာ ငွေရေးကြေးရေး ရံပုံငွေအဖွဲ့ဆီကနေ ချေးငွေ ဒေါ်လာ ၁၀ဘီလီယံ ရရှိဖို့ မျှော်လင့်နေပြီး ဆွေးနွေးမှုတွေ ၁၆ ကြိမ်ထက်မနည်းလုပ်ပြီးခဲ့ပါပြီ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC
Photo: Al Jazeera