0

၅ဒေါ်လာတန်အသစ်တွင် ချားလ်စ်ဘုရင်၏ ပုံကို ထည့်သွင်းမည့်မဟုတ်ဟု သြစတြေးလျပြောကြား

Share

သြစတြေးလျနိုင်ငံသည် လက်ရှိသုံးစွဲလျက်ရှိသော အဲလိဇဘတ်ဘုရင်မကြီးပုံပါဝင်သည့် ၅ ဒေါ်လာတန်နေရာတွင် ဒီဇိုင်းအသစ်ဖြင့် အစားထိုးရန် ပြင်ဆင်လျက်ရှိပြီး အဆိုပါ ၅ဒေါ်လာတန်အသစ်တွင် ချားလ်စ်ဘုရင်၏ ပုံကို ထည့်သွင်းခြင်း ပြုမည်မဟုတ်ကြောင်း သြစတြေးလျဗဟိုဘဏ်က အတည်ပြုပြောကြားခဲ့သည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် အသစ်ထုတ်ဝေမည့် ၅ဒေါ်လာတန်အသစ်၌ သြစတြေးလျမြေပေါ်တွင် ရှေးယခင်ကတည်းက နေထိုင်လာခဲ့ကြသည့် ဌာနေတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို ဂုဏ်ပြုသောအားဖြင့် ဒီဇိုင်းပြုလုပ်ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘုရင်မကြီး၏ ပုံနေရာတွင် ထိုကဲ့သို့ တိုင်းရင်းသားများ၏ ဂုဏ်ပြုဒီဇိုင်းဖြင့် အစားထိုးသွားမည်ဖြစ်သော်လည်း ကျောဘက်တွင်မူ ယခင် အဟောင်းတွင် ပါရှိခဲ့သည့် သြစတြေးလျ ပါလီမန်ပုံသာ ဆက်လက်ပါရှိသွားမည်ဖြစ်ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံသုံး ငွေစက္ကူများတွင် ၅ ဒေါ်လာတန်တစ်ခုသာ တော်ဝင်မျိုးနွယ်ကို ဂုဏ်ပြုသောအားဖြင့် ဘုရင်မကြီးပုံဖြင့် ရိုက်နှိပ်ထားခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ချက်ကြောင့် မကြာမီ သြစတြေးလျ၏ ငွေစက္ကူများတွင် မည်သည့် တော်ဝင်မျိုးနွယ်၏ ပုံမျှ ပါဝင်ခြင်း ရှိတော့မည့်မဟုတ်ပါ။

ဗဟိုဘဏ်အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို သြစတြေးလျ ဝန်ကြီးချုပ်ဖြစ်သူ အန်သိုနီ အယ်ဘာနီးစ်နှင့် ဆွေးနွေး၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း အပြောင်းအလဲများ ပြုလုပ်ရန် စိတ်အားထက်သန်သူဖြစ်ကြောင်း သိရသည်။

တော်ဝင်မျိုးနွယ်များ၏ ပုံရိပ်များသည် သြစတြေးလျ၏ ငွေအကြွေစေ့များတွင် ဆက်လက်ပါရှိနေဦးမည်ဖြစ်သည့် အတွက် ယခု ၅ဒေါ်လာတန်တွင် မိမိတို့ သြစတြေးလျ နိုင်ငံ၏ သမိုင်းကြောင်း ဆိုင်ရာကို အရေးပေး ဖော်ပြရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

လက်ရှိ သြစတြေးလျနိုင်ငံ၏ ငွေစက္ကူများတွင် ဌာနေ အဘိုရီးဂျင်းများနှင့် တောရက်စ် ရေလက်ကြားကျွန်းစုဖွား တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများနှင့် ဓလေ့ထုံးတမ်းများကို အသားပေးဖော်ပြထားသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, CNN
Photo: CNN

 

%d bloggers like this: