0

အိမ်ရှင်မများထက် အမျိုးသားများ ဈေးသွားသင့်ဟုဂျပန်မြို့တော်ဝန်ဆို

Share

အမျိုးသားများသည် အိမ်ရှင်မ အမျိုးသမီးများထက် မြန်မြန်ဆန်ဆန် ဈေးဝယ်နိုင်သည့်အတွက် လူစုလူဝေးဖြစ်မှု လျှော့ချပေးနိုင်သည်ဟု ဂျပန်မြို့တော်ဝန်က ပြောကြားခဲ့ပြီးနောက် လူထု၏ ဝေဖန်မှုအား ရင်ဆိုင်နေရသည်။

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသည့် လူနာအရေအတွက် ပြန်လည် မြင့်တက်လာခဲ့သည့်အတွက် အစိုးရက အစောပိုင်း ဗိုင်းရပ်စ်ပျံ့ပွားမှုအား ထိန်းချုပ်နိုင်ခဲ့ပြီဆိုသည့် မျှော်လင့်ချက်အား ယိုယွင်းစေခဲ့သည်။ သောကြာနေ့ထိ ဂျပန်တွင် ကူးစက်ခံရသူ ၁၃၁၀၀ ရှိပြီး ၃၃၀ ဦးသေဆုံးခဲ့ကြောင်း ဂျပန်နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရှိရသည်။ မတ်လ ၁ ရက်နေ့ထိ ဂျပန်တွင် ကူးစက်ခံရသူ ၂၄၃ ဦးသာ ရှိခဲ့သည်။

ကူးစက်ခံရမှု ပြန်လည်မြင့်တက်လာခဲ့သည့်အတွက် နိုင်ငံတဝှမ်းတွင် စည်းကမ်းအသစ်များ ထပ်မံထုတ်ပြန်လျက်ရှိသည်။ ဂျပန်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သည့် အိုဆာကာ၏ မြို့တော်ဝန် အီချီရို မဆုအိက “အမျိုးသားများ ဈေးဝယ်ပါက ဆိုင်များတွင် လူစုလူဝေး နည်းပါးစေသည့်အတွက် ဗိုင်းရပ်စ်ပျံနှံမှုကို လျှော့ချစေလိမ့်မည်” ဟု ပြီးခဲ့သည့် ကြာသပတေးနေ့က ပြောကြားခဲ့သည်။

“အမျိုးသမီးတွေ ဈေးဝယ်ထွက်ရင် အချိန်အလွန်ကြာတတ်တယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးအစားများစွာထဲကမှ ဘယ်ပစ္စည်းက အကောင်းဆုံး၊ ဘယ်ပစ္စည်းကတော့ အတန်ဆုံးဆိုပြီး ရွေးချယ်နေကြလို့ဖြစ်ပါတယ်”

လို့အိုကာဆာတွင် ပြုလုပ်သော ကိုရိုနားဗိုင်းရပ်စ် သတင်းစာရှင်းလင်းပွဲတွင် မဆုအိက သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမျိုးသားတွေဟာ ဝယ်ရမဲ့ပစ္စည်းကို မြန်မြန်ဆန်ဆန်ကောက်ထည့်လာတာကြောင့် စူပါမားကတ်တွေမှာ အချိန်ကြာမနေတတ်လို့ ဗိုင်းရပ်စ်ကူးစက်ဖို့ မလွယ်ဘူး” ဟု သူက ပြောကြားခဲ့သည်။

မြို့တော်ဝန်၏ ပြောကြားချက်အား ဂျာနယ်လစ် ရှိုကို အီဂါဝါက “နေ့တဓူဝ ကိစ္စတွေကို နားမလည်သူအနေနဲ့ဒီလိုမပြောသင့်ဘူးဟု” twitter စာမျက်နှာတွင် ရေးသားတုံ့ပြန်ထားသည်။ အီဂါဝါ၏ post အား ပြန်လည်မျှဝေသူ ၃၀၀၀ ကျော်ရှိခဲ့ပြီး အချို့က “ မြို့တော်ဝန် မဆုအိဟာ တခါမှဈေးဝယ်မထွက်ဖူးလောက်ဘူး” ဟုတုံ့ပြန်ရေးသားထားကြသည်။

ဂျပန်နိုင်ငံ လူဦးရေ၏ ၅၁%သည် အမျိုးသမီးများဖြစ်ကြောင်း World Bank Data များအရ သိရှိရသည်။ သို့သော်လည်း World Economic Forum ၏ gender gap index တွင် ဂျပန်နိုင်ငံ၏ ကျား၊မ ကွာဟာချက်သည် ၁၄၉ နိုင်ငံတွင် အဆင့် ၁၁၀ ၌ရပ်တည်လျက်ရှိသည်။

အိုဆာကာမြို့အား ဧပြီလ ၇ ရက်နေ့တွင် အရေးပေါ်အခြေအနေအဖြစ် ကြေငြာခဲ့သည်။ မဆုအိသည် စူပါမားကတ်များအား ဈေးဝယ်သူ အရေအတွက် အကန့်အသတ် ဖြင့်သာ ဝင်ရောက်ခွင့်ပြုရန်၊ ၂ ရက်၊ ၃ ရက်တခါမှသာ ဈေးဝယ်ထွက်ကြရန် လူထုအား သတိပေးပြီးနောက် ယခုကဲ့သို့အကြံပေးချက် ထွက်လာခဲ့ခြင်းဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNN news

%d bloggers like this: