0

Cornell နှင့် Ithaca ကောလိပ်များ ဆောင်းတွင်းထိ ပြန်လည်မဖွင့်လှစ်နိုင်ပါက ‘မဟာဒုက္ခ’ ကျရောက်သဖွယ်ဖြစ်လာမည်ဟု မြို့တော်ဝန်ပြော

Share

နယူးပြည်နယ်အတွင်းရှိ Ithaca City ၏ မြို့တော်ဝန် Svante Myrick က ကိုရိုနာကူးစက်မှုများကြောင့် မြို့တွင်းရှိ ကောလိပ်များ ဆောင်းဦးပေါက်ရောက်သည့်တိုင် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိပါက နောက်ဆက်တွဲစီးပွားရေး ဆိုးကျိုးများ ရင်ဆိုင်လာရတော့မည်ဟု ဆိုသည်။
“ကျောင်းသားတွေအနေနဲ့ ဆောင်းဦးပေါက်လို့မှ ကျောင်းပြန်မတက်နိုင်ရင်တော့ ကျွန်တော်တို့မြို့ကတော့ တကယ် ကာလနာ တိုက်တာပဲ” ဟု မြို့တော်ဝန်က CNBC သို့ပြောကြားခဲ့သည်။
Ithaca မြို့သည် နာမည်ကြီးထိပ်တန်း တက္ကသိုလ်ကြီးတစ်ခုဖြစ်သော Cornell University ကြီးနှင့် Ithaca College စသည့် ကောလိပ်များ တည်ရှိရာမြို့ဖြစ်သည်။
အထူးသဖြင့် ကောနဲလ် တက္ကသိုလ်တွင် ကျောင်းသားပေါင်း ၂ သောင်းကျော် တက်ရောက်နေပြီး၊ Ithaca College တွင် ကျောင်းသား ၆၇၀၀ ခန့်ရှိသည်။
အမေရိကန်တွင် ယခုနှစ်ဆောင်းဦးပေါက်မှာ လာမည့် စက်တင်ဘာလ ၂၂ ရက်နေ့ စတင်ကျရောက်မည်ဖြစ်သည်။
မြို့တော်ဝန် မိုင်းရစ် ဤသို့ အသံထွက်လာရခြင်းမှာ အစ်သာကာ ကောလိပ်ထံမှ ဆောင်းဦးပေါက် အတန်းဖွင့်ချိန်များကို အောက်တိုဘာလ ၅ ရက်သို့ ရွှေ့ဆိုင်းထားကြောင်း တနင်္လာနေ့က ကြေငြာချက် ထုတ် အပြီးတွင်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအတွင်း ရှိ တက္ကသိုလ်များနှင့် ကောလိပ်များသည် ယခုလာမည့် ဆောင်းဦးတွင် ကျောင်းသားများ ဘေးကင်းစွာ ကျောင်းပြန်လာတက်နိုင်စေရန် စီစဉ်နေကြသည်။
ယခုကဲ့သို့ ဆုံးဖြတ်ချက်များသည် ကျောင်းသားများ၊ ဝန်ထမ်းများအပေါ်တွင်သာမကပဲ ကျောင်းများ၏ ဘဏ္ဍာရေးအခြေအနေများပေါ်တွင်ပါ သက်ရောက်မှုရှိနေသည်။
မြို့ခံလူထု ၃ သောင်းခန့်ရှိသော Ithaca တွင် ကျောင်းလာတက်ကြသော ကောလိပ်ကျောင်းသားများသည် မြို့၏ စီးပွားရေးအတွက် အရေးပါလျက်ရှိသည်။
Myrick က ဆက်လက်၍ ကျောင်းသားများ ကျောင်းလာပြန်မတက်နိုင်ပါက ပိတ်ထားရမည်မှာ ပီဇာဆိုင်များသာမဟုတ်ကြောင်း၊ Bar များ၊ စားသောက်ဆိုင်များသာ ပိတ်ထားရမည်မဟုတ်ပဲ ဆံပင်ညှပ်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ စာရင်းကိုင်ရုံးများ၊ ရှေ့နေ့လုပ်ငန်းများ စသည်ဖြင့် အစုံ ဖြစ်ကြောင်း ညည်းတွားခဲ့သည်။
Ithaca မြို့တွင် လက်ရှိအားဖြင့် အသုံးစရိတ်လိုငွေပြမှုမှာ ကန်ဒေါ်လာ ၁၅ သန်းခန့်ဖြစ်ပြီး သမိုင်းတလျှောက် အဆိုးရွားဆုံးဖြစ်သည်ဟု ဆိုသည်။
Ithaca တည်ရှိရာ Tompkins ကောင်တီတွင် ကိုရိုနာကူးစက်သူ ၁၄၁ ယောက်ရှိပြီး၊ နယူးယောက်ပြည်နယ်တစ်ခုလုံးတွင် ကူးစက်သူပေါင်း ၃၅၁၃၇၁ ဦး ထိ ရှိလာနေပြီဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Like & Share လုပ်ခြင်းဖြင့် စီးပွားရေး သတင်း၊ ဆောင်းပါးနှင့် လေ့လာဆန်းစစ်ချက်များ ပိုမိုဖြစ်ပေါ်လာရန် ကူညီနိုင်ပါသည်။
Orio Economics

Source: CNBC News, New York State Department Of Health

%d bloggers like this: