0

တရုတ်ပြည်၏ ပိုးလမ်းမ စီမံကိန်းသို့ G-7 အဖွဲ့ဝင်နိုင်ငံဖြစ်သော အီတလီ ပထမဆုံးဝင်ရောက်ပြီဖြစ်

Share

G-7 နိုင်ငံများထဲမှ ပထမဆုံးအနေဖြင့် အီတလီက တရုတ်ပြည် ပိုးလမ်းမစီမံကိန်းသို့ ဝင်ရောက်လာပြီဖြစ်သည်။ ပြီးခဲ့သည် မတ်လ ၂၃ ရက်က တရုတ်နှင့် အီတလီ ခေါင်းဆောင် နှစ်ဦးတို့ သဘောတူညီချက် စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။ အီတလီ၏ ပါဝင်ပတ်သက်မှုတွင် လုပ်ငန်းကိစ္စပေါင်း ၂၉ ခု ပါဝင်ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် ယူရို ၂.၅ ဘီလျံ (ကန်ဒေါ်လာ ၂.၈ ဘီလျံ) ရှိခဲ့သည်။
သမ္မတ ရှီကျင့်ဖျင်၏ အီတလီ Rome သို့ အလည်အပတ်ခရီးစဉ်အတွင်း လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။
ယခု ပရောဂျက်တွင် တရုတ်ပြည်မှ ဥရောပသို့ ရှေးယခင်က ဆက်သွယ်ရေးလမ်းကြောင်းအတိုင်း ပုံဖေါ်လိုဟန်ရှိပြီး ပိုးလမ်းမ လမ်းကြောင်းသစ် တစ်ခုအဖြစ်လည်း ထွက်ပေါ်လာဖွယ်ရှိသည်။
အီတလီ ပါဝင်ပတ်သက်လာမှုကြောင့် ဥရောပတွင်း မဟာမိတ်နိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုကဲ့သို့ အနောက် မဟာမိတ်များက တရုတ်၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းအပေါ် စိုးရိမ်သည့်အမူအရာများ ပြသခဲ့ကြသည်။
ပိုးလမ်းမ၏ အခြားအမည်ဖြစ်သော -the Belt and Road Initiative (BRI) ၏ လမ်းကြောင်းပြ မြေပုံတွင် တရုတ်ပြည်၏ ထုတ်ကုန်များကို တကမ္ဘာလုံးသို့ အလျင်အမြန် စီးဆင်းနိုင်ပုံကို တွေ့နိုင်သည်။ ဝေဖန်ရေးသမားများက တရုတ်ပြည်၏ ပထဝီနိုင်ငံရေးအရ လွှမ်းမိုးလာပုံကို ထောက်ပြခဲ့ပြီး တရုတ်ပြည်ရှိ ဘဏ်များမှ ချေးငွေအထောက်အပံ့များရယူကာ ပိုးလမ်းမ စီမံကိန်းတွင် ပါဝင်သော နိုင်ငံများက ရထားလမ်းများ၊ ကားလမ်းနှင့် ဆိပ်ကမ်းများ ဆောက်လုပ်နေမှုကိုလည်း ဝေဖန်လျက်ရှိသည်။ အာဖရိက နှင့် တောင်အာရှနိုင်ငံများ၏ တရုတ်ပြည်ထံမှ ချေးယူထားသော အကြွေးများ မြင့်တက်လာမှုလည်း ရှိနေသည်။


ယူဂန်ဒါနိုင်ငံတွင် နိုင်ငံတကာ လေဆိပ်သို့ အရောက် ဖေါက်လုပ်ထားသော မိုင် ၃၀ (၅၀ ကီလိုမီတာ) အရှည်ရှိသည့် လမ်းမကြီး၊ တန်ဇနီးယားရှိ ကမ်းရိုးတမ်းမြို့ကလေးသည် အာဖရိကတိုက်၏ အကြီးဆုံး ဆိပ်ကမ်းဖြစ်လာမှု၊ ဥရောပတွင် တရုတ်ကုမ္ပဏီများက ၅၁% ထိ ထိန်းချုပ်ထားသော ဆိပ်ကမ်းများ စသည်တို့သည် တရုတ်ပြည်၏ ကြီးထွားလာသော လွှမ်းမိုးမှုတို့ကိုပြသလျက်ရှိသည်။
မူလပိုးလမ်းမစီမံကိန်းတွင် ပါဝင်သော နိုင်ငံများနှင့် သဘောတူညီချက် အသစ်များ ရယူနိုင်လာသော အခြေအနေများကြောင့် ပိုးလမ်းမ လမ်းကြောင်းအသစ်များ မကြာမီမြင်တွေ့လာရဖွယ်ရှိပြီး ထိုလမ်းကြောင်းသစ်များသည် ကုန်သွယ်ရေးပိုမိုချောမွေ့ရန်နှင့် စီးဆင်းမှုပိုမိုလျင်မြန်စေရန် အထောက်အကူပြုလာနိုင်မည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source: beltandroad, bbc, reuters

%d bloggers like this: