အီရတ်တွင် ၂၀၂၄ ဇန်နဝါရီ ၁ မှ စ၍ ကန်ဒေါ်လာ ငွေလွှဲခွင့်ပိတ်မည်

Share

အီရတ်နိုင်ငံတွင် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ ဘဏ်များမှ အမေရိကန်ဒေါ်လာ ငွေသား ထုတ်ယူခွင့် နှင့် ဒေါ်လာကို ငွေလွှဲပြောင်းမှုများကို စတင် ပိတ်ပင်မည်ဟု အီရတ်ဗဟိုဘဏ်မှ ထိပ်တန်းတာဝန်ရှိသူ ၁ ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

ယခု ဆောင်ရွက်ချက်သည် အီရတ်နိုင်ငံအတွင်းသို့ နယူးယောက်ရှိ ကန်ဗဟိုဘဏ်မှ နှစ်စဉ် ဒေါ်လာ ၁၀ ဘီလျံ ကို ငွေသားအဖြစ် တင်သွင်းနေသည့်အထဲမှ ထက်ဝက်ခန့်ကို နိုင်ငံအတွင်း တရားမဝင် ငွေလွှဲပြောင်းမှုများ၊ အသုံးပြုမှုများ ရှိနေခြင်းကို နှိမ်နင်းသွားရန် ရည်ရွယ်သည်ဟု ဆိုသည်။

ထို့ပြင် ၂၀၀၃ အမေရိကန်ကျူးကျော်စစ်ပွဲ နောက်ပိုင်း ဖြစ်ပွားလာသော အကြပ်အတည်းများအကြား အီရတ် ငွေကြေးအစား ကန်ဒေါ်လာကို ပိုမို မှီခိုလာနေမှုများကို ဖြိုဖျက်သွားရန်ဟူသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်။

အီရတ်တွင် ၂၀၂၃ ယခုနှစ် မကုန်မီအထိ ဘဏ်များထံ ဒေါ်လာ စုဆောင်းထားသူများသည် ၎င်းတို့၏ ငွေများကို ဆက်လက်ထုတ်ယူခွင့်ပြုမည်ဟုလည်း သိရပြီး ၂၀၂၄ ရောက်ပါက ဒေါ်လာထုတ်ယူသူများသည် ဗဟိုဘဏ်သတ်မှတ်ထားသော နှုန်းထားအတိုင်း အီရတ်နိုင်ငံသုံး ငွေကြေးများကိုသာ ထုတ်ယူရတော့မည်ဖြစ်သည်။

ငွေလဲနှုန်းသည် ကြာသပတေးနေ့က ကန် ၁ ဒေါ်လာလျှင် အီရတ် ငွေ ၁,၅၆၀ ဒီနာ ပေါက်ကြေးရှိနေသည်။

အဆိုပါ ညွှန်ကြားချက်များကို ရိုက်တာသို့ ပြောကြားခဲ့သည့် အီရတ်ဗဟိုဘဏ်ထိပ်တန်းအရာရှိဖြစ်သူ မစ္စတာ မေဇင် အာမက် (Mazen Ahmed) က ကန်ဒေါ်လာ (ထုတ်ယူရန်ကိစ္စ) ဆိုလျှင် ပြောနေရန်မလိုတော့ဟု ဆိုခဲ့ပြီး လူအများအနေဖြင့် ဒေါ်လာ သွင်းခြင်း၊ ထုတ်ခြင်းများကို ပြည်တွင်းသုံးငွေကြေး ဖြင့်သာ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

သို့သော်လည်း ခြွင်းချက်အနေဖြင့် နိုင်ငံရပ်ခြားမှ အီရတ်ဘဏ်များသို့ ဒေါ်လာ ပေးပို့ခြင်းများကို လက်ခံမည့် ဘဏ်အကောင့်ပိုင်ရှင်များ အနေဖြင့် ဒေါ်လာကို ထုတ်ယူခွင့်ရှိမည်ဟု ဗဟိုဘဏ်ဘက်က ထုတ်ပြန်ထားသည်။

အီရတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံ အရံထားရှိမှုပမာဏ ဒုတိယအကြီးဆုံး နိုင်ငံဖြစ်ပြီး ၎င်းတို့အတွက် ရစရာရှိသည် ရေနံငွေ ဒေါ်လာ ၁၂၀ ဘီလျံ ကို အမေရိကန်အစိုးရက မပေးသေးဘဲ ထိန်းသိမ်းထားနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကန်အစိုးရက အီရတ်ဘဏ် ၁၄ ခုကို ပိတ်ဆို့လိုက်မှုအပေါ် စည်းမျဉ်းများနှင့် ပတ်သက်၍ အီရတ်ဘဏ်များက စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဟု ထုတ်ပြန်ထားကြသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, CNBC Business, New York Fed Org, AML Intelligence, The Cradle
Image: Middle East Eye

%d bloggers like this: