ဆီအုန်းဧရိယာ ဟက်တာ ၂ သိန်းအား သစ်တောအဖြစ် အင်ဒို ပြန်လည်သိမ်းဆည်းမည်

Share

အင်ဒိုနီးရှားနိုင်ငံတွင် ယခင်က သစ်တောဧရိယာအဖြစ် သတ်မှတ်ထားသော မြေအကျယ်ပမာဏ ဟက်တာပေါင်း ၂ သိန်း (ဧက ၄၉၄,၂၁၀) အား ဆီအုန်းစိုက်ခင်းမြေအဖြစ် လုပ်ကိုင်ခွင့်ပြုခဲ့ဖူးရာ အဆိုပါ နေရာတို့ကို အစိုးရသို့ ပြန်လည်အပ်ပြီး သစ်တောမြေအဖြစ် ပြန်လည်ဖေါ်ဆောင်သွားရန် ရည်ရွယ်နေကြောင်း အင်ဒိုအစိုးရတာဝန်ရှိသူ တဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် ကမ္ဘာ့ အကြီးဆုံး ဆီအုန်း စိုက်ပျိုးရေးနှင့် ဆီအုန်းတင်ပို့သူ ဖြစ်ပြီး ဆီအုန်းကဏ္ဍ၏ စိုက်ပျိုးမြေများနှင့် ပတ်သက်၍ အငြင်းပွားမှုများလည်း နှစ်စဉ်ဖြစ်ပွားလျက်ရှိသည်။
အကျိုးအမြတ်များနောက်ကွယ်၌ အင်ဒိုလယ်သမားများ၏ လယ်ယာများကို ဆီအုန်းကုမ္ပဏီများက သိမ်းဆည်းမှုများ၊ ဆီအုန်း အလုပ်သမားများအပေါ် လုပ်အားခ ခေါင်းပုံဖြတ်မှုများအပြင် နောက်ဆုံး ပေါ်ထွက်လာသော ဆီအုန်းကုမ္ပဏီများ၏ သစ်တောမြေများကို စိုက်ပျိုးမြေအဖြစ်ဖေါ်ဆောင်မှုကြောင့် အော်ရန်ဂူတန်အပါအဝင် သဘာဝတောရိုင်းတိရိစ္ဆာန်များ စားကျက်မြေရှားပါးမှုတို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၏ ကန့်ကွက်မှုများ စသည်တို့ နှစ်စဉ်ဖြစ်ပွားလျက်ရှိသည်။

ယခုမူ ၂၀၂၀ က အတည်ပြုထားသော စည်းမျဉ်းများအရ ဆီအုန်းကဏ္ဍအတွက် ပြုပြင်ထိန်းသိမ်းမှုအချို့ကို လုပ်ဆောင်သွားရန် အစိုးရက စီစဉ်နေသည်ဟုဆိုသည်။

စိုက်ပျိုးရေး အခွင့်အရေးများနှင့်ပတ်သက်၍ စာရွက်စာတမ်းကိစ္စနှင့် ဒဏ်ကြေးများပေးသွင်းရန် ကုမ္ပဏီများက ၂၀၂၃၊ နိုဝင်ဘာ ၂ ရက် အမီ ဆောင်ရွက်ရမည်ဟု ဆိုသည်။

ဆီအုန်းမြေ ဟက်တာပေါင်း ၂ သိန်းအား သစ်တောမြေအဖြစ် ပြန်လည် သိမ်းယူရာတွင် အချို့သော ကုမ္ပဏီများမှာ စတင်စိုက်ပျိုးထားမှုများ ရှိနေပြီး စည်းမျဉ်းသစ်များဖြင့် အင်ဒိုအစိုးရက ခွင့်ပြုမည့် အနေအထား ထွက်ပေါ်နေခြင်းအပေါ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ဝေဖန်လျက်ရှိသည်။

သတ်မှတ်ရက်မတိုင်မီ ဒဏ်ကြေးနှင့် စာရွက်စာတမ်းကိစ္စများ ရှင်းလင်းရန် ပျက်ကွက်သော ဆီအုန်းကုမ္ပဏီများကိုသာ ပစ်ဒဏ်ချမှတ်သွားရန် စီစဉ်နေမှုကြောင့် သစ်တောပြုန်းတီးမှုများမှာ လျော့ကျသွားဖွယ် ရှိမနေဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများက ပြောဆိုလျက်ရှိနေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Forest People Programme, theicct org
Image: licas news

%d bloggers like this: