ပြီးခဲ့တဲ့ သောကြာနေ့က ထွက်ပေါ်လာတဲ့ သတင်းများအရ အင်ဒိုနီးရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၆သောင်းနီးပါးရှိလာပြီး အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်နေပါတယ်။ သူ့နောက်မှာ ကပ်ရပ်ရှိနေတာကတော့ ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး လူပေါင်း ၅သောင်း ၈ထောင်နီးပါးလောက် ကူးစက်ခံထားရတာပါ။ ဒါကြောင့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဟာ နိုင်ငံတွင်းက ကုမ္ပဏီတွေကို ပန်ကြားချက်ပြုလုပ်ခဲ့ပြီး ကပ်ရောဂါပြန့်ပွားနေချိန်အတွင်းမှာ အတူလက်တွဲတိုက်ဖျက်ဖို့ ဆော်သြခဲ့တာပါ။ ခုဆိုရင် နာမည်ကြီး ဖက်ရှင်ကုမ္ပဏီတွေဖြစ်တဲ့ Prada တို့၊ Armani တို့ကို အဝတ်အထည်တွေ ချုပ်လုပ်ပေးနေတဲ့ Pan Brohers ကုမ္ပဏီဟာ သူတို့ရဲ့ အလုပ်တွေကို ရပ်နားပြီး PPE ဝတ်စုံတွေကို ထုတ်လုပ်ပေးနေပါတယ်။ Pan Brothers ကုမ္ပဏီဟာ ဖက်ရှင်ကုမ္ပဏီတွေအတွက်သာမကဘဲ အားကစားပစ္စည်း ကုမ္ပဏီ Addidas အတွက်လည်း ဝတ်စုံတွေချုပ်လုပ်ပေးတဲ့ ကုမ္ပဏီဖြစ်ပြီး ခုဆိုရင် PPE ဝတ်စုံတွေသာမက နှာခေါင်းစည်းတွေပါ ထုတ်လုပ်ပေးနေပါတယ်။
Pan Brothers ကုမ္ပဏီရဲ့ ဒုတိယ အမှုဆောင်အရာရှိချုပ် အန်းဆူတန်တိုကို အင်တာဗျူးမေးမြန်းခဲ့ရာမှာတော့ သူတို့ဟာ ပထမ အသုတ်အနေနဲ့ နှာခေါင်းစည်းပေါင်း ၁၀သန်းနဲ့ PPE ဝတ်စုံ ၁သိန်းကို ထုတ်လုပ်ပြီး နိုင်ငံတွင်းမှာ ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်တဲ့။ ခုအခါမှာတော့ ဒုတိယအသုတ်အနေနဲ့ နှာခေါင်းစည်းပေါင်း သန်း ၁၀၀၊ တစ်ခါသုံး PPE ဝတ်စုံ ၁၀သန်းနဲ့ လျှော်ပြီးပြန်သုံးလို့ရတဲ့ PPE ဝတ်စုံ ၁သန်းကို ထုတ်လုပ်ဖို့ပြင်ဆင်နေပြီး ပြည်တွင်းမှာ ဖြန့်ဖြူးလို့ ပိုလျှံရင် ပြည်ပကိုပါတင်ပို့ဖို့ ရည်ရွယ်ထားကြောင်း ဖြေကြားသွားခဲ့ပါတယ်။ နောက်ပြီး သူတို့ကုမ္ပဏီအနေနဲ့ i-Phone တွေတပ်ဆင်ထုတ်လုပ်ပေးနေတဲ့ Foxconn တို့လို တခြားကုမ္ပဏီတွေနဲ့ အတူတူလက်တွဲပြီး ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်မဲ့ ကာကွယ်ရေးအသုံးအဆောင် ပစ္စည်းတွေ ထပ်မံထုတ်လို့ပေးဖို့ ညှိနှိုင်းနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ရောဂါကုူးစက်မှုမှာ အာဆီယံအတွင်း အမြင့်ဆုံးမှာရှိနေသလို သေဆုံးမှုနှုန်းမှာလဲ ၄၉၈ ယောက်နဲ့ အမြင့်ဆုံးမှာ ဆက်ရှိနေပါတယ်။ အင်ဒိုအစိုးရကတော့ သူတို့နိုင်ငံရဲ့ ဗိုင်းရပ်စ် ကူးစက်မှုဟာ ဇူလိုင်လလောက်ထိ ဆက်သွားနိုင်ပြီး ကူးစက်ခံရသူ ၁သိန်းကျော်မယ်လို့ ခန့်မှန်းထားပါတယ်။ ခုဆိုရင် အစိုးရမှာရှိတဲ့ PPE ဝတ်စုံတွေဟာ ကုန်သွားပြီဖြစ်တဲ့အတွက် Pan Brothers တို့လို အပြင်ကုမ္ပဏီတွေကသာ အရေးပေါ်မထုတ်ပေးရင် ကျန်းမာရေးဝန်ထမ်းတွေဟာ PPE အစား မိုးကာဝတ်ပြီး အလုပ်လုပ်ရတော့မဲ့ အခြေအနေဖြစ်နေပါတယ်လို့ သတင်းက ဖော်ပြထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: straitstimes
Photo: PT Pan Brothers TBK & Group Pan