2019တွင် Jet Airways လေကြောင်းလိုင်း ဒေဝါလီခံပြီးနောက်ပိုင်း အိန္ဒိယ၏ အဓိက လေကြောင်းလိုင်းတစ်ခု ဒေဝါလီခံခြင်းဖြစ်ပြီး လေကြောင်းလိုင်းက Pratt & Whitney ထုတ် အင်ဂျင်များကြောင့် ယခုကဲ့သို့ ဖြစ်ရကြောင်း ပြစ်တင်ဝေဖန်သွားခဲ့သည်။
Pratt & Whitney အင်ဂျင်များကြောင့် ၎င်းတို့၏ လေယာဥ်ထက်ဝက်ခန့်မှာ အမြဲပြုပြင်နေရသဖြင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ရကြောင်း Go First ကအပြစ်တင်ခဲ့ခြင်းဖြစ်ပြီး IndiGo, Air India နှင့် Vistara လေကြောင်းလိုင်းတို့ လွှမ်းမိုးထားသည့် အိန္ဒိယလေကြောင်း ကဏ္ဍ၏ ပြိုင်ဆိုင်မှုပြင်းထန်ခြင်းကို ယခုဖြစ်ရပ်က မီးမောင်းထိုးပြနေသည်။
Go First၏ ကြွေးမြီစုစုပေါင်းမှာ ဧပြီ ၂၈ရက်နေ့ စာရင်းများအရ ရူပီး ၆၅.၂၁ ဘီလီယံရှိပြီး ဧပြီ၃၀ နောက်ပိုင်းပေးချေရမည့် ကြွေးမြီများကို ပြန်လည်ပေးဆပ်ခြင်းပြုတော့မည်မဟုတ်ကြောင်း တင်သွင်းလွှာတွင် ဖော်ပြထားသည်ဟု သိရသည်။
Go First၏ လျောက်တင်ချက်တွင် ၎င်းတို့၏ Airbus A320 လေယာဥ်များအတွက် လိုအပ်သည့် အပိုအင်ဂျင် အစိတ်အပိုင်းများကို Pratt and Whitney ကုမ္ပဏီသည် ပို့ဆောင်ရန် ပျက်ကွက်ခဲ့သဖြင့် လေကြောင်းလိုင်းသည် အပြည့်အဝလည်ပတ်ရန် အခက်အခဲရှိခဲ့ကြောင်း ဖော်ပြထားသည်။
Pratt & Whitney၏ အဆိုပါ.အင်ဂျင်ချို့ယွင်းမှူများကြောင့် Go First သည် 2019 ဒီဇင်ဘာတွင် လေယာဥ်စုစုပေါင်း၏ ၇%ကို ရပ်နားထားခဲ့ရပြီး ၂၀၂၂ ဒီဇင်ဘာတွင်မူ ရပ်နားထားရသည့် လေယာဥ်အရေအတွက်မှာ တစ်ဝက်တိတိဖြစ်လာခဲ့ပြီး ဒေါ်လာ၁.၃၂ ဘီလီယံအထိ ဆုံးရှုံးခဲ့ရကြောင်း လျောက်တင်လွှာတွင် ရေးသားထားသည်။
Pratt & Whitney ကတော့ ၎င်းတို့အနေဖြင့် ဖောက်သည်များ၏ အောင်မြင်ရေးကို ရှေးရှုကြောင်းနှင့် ဝယ်ယူသူများ၏ အော်ဒါများကို အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးနိုင်ရန်.ကြိုးပမ်းနေကြောင်း၊ Go Firstနှင့် မတ်လ ၂၀၂၃ တွင် လေယာဥ်အင်ဂျင်များနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့ရသော အနုညတအငြင်းပွားမှုတွင်လည်း ဥပဒေကြောင်းအရ ဖြေရှင်းခဲ့ကြောင်း ရိုက်တာသတင်းဌာနသို့ ဖြေကြား ခဲ့သည်။
စျေးကွက်သုံးသပ်သူများကတော့ Pratt.& Whitney၏ အင်ဂျင်များတွင် ပြဿနာအမှန်တကယ်ရှိခဲ့သော်လည်း Go Firstအနေဖြင့် မတောင့်ခံနိုင်ခဲ့ကြောင်း၊ ပြိုင်ဘက် IndiGo မှာ လေယာဥ်အစီးရေများပြားပြီး အရန်ဘဏ္ဍာရေးတောင့်တင်းသဖြင့် အလားတူ.အခက်အခဲမျိုးကို.ကျော်လွှားနိုင်ခဲ့ကြောင်း သုံးသပ်ကြသည်။
Go First ၏သတင်းသည် ၎င်းတို့.လေကြောင်းလိုင်းတွင် ရင်းနှီးမြှပ်နှံထားသည့် ဘဏ်လုပ်ငန်းများကိုပါ အံ့အားသင့်စေခဲ့ပြီး လေကြောင်းလိုင်းအခြေအနေမကောင်းသည်ကို.သိသော်လည်း အခြားကုမ္ပဏီတစ်ခုသို့ လက်လွှဲရောင်းချရန်သာမျှော်လင့်ထားပြီး ဒေဝါလီခံလိမ့်မည်ဟု မထင်ထားကြောင်း ၎င်းတို့ကဆိုသည်။
အလားတူပင် Go First ၏နေ့စဥ်လေကြောင်းခရီးစဥ်.အချို့.လေယာဥ်မလုံလောက်မှုကြောင့် ရပ်နားထားသည်ကို ကြုံနေရသော်လည်း ယခုသတင်းကို မီဒီယာများတွင်တက်လာမှ သိရကြောင်း အမည်မဖော်လို့သည့် ပိုင်းလော့ ၃ဦးက ပြောကြားခဲ့ပြီး ၎င်းတို့လစာများသည်လည်း.ယခင်လများက နောက်ကျပြီးမှ လက်ခံရလေ့ရှိကြောင်း ဖြေကြားခဲ့သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source : Reuters, CNN
Photo Mint