0

အိန္ဒိယအစိုးရက အသီးအနှံနှင့် ဟင်းသီးဟင်းရွက် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ထောက်ပံ့ကြေး ၅၀% ထိပေးမည်

Share

အိန္ဒိယအစိုးရက အချိန်ကာလသတ်မှတ်ချက် ပြုလုပ်၍ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ရေး၊ ဖြန့်ဖြူးရေးလုပ်နေကြသော တောင်သူများအတွက် ရိတ်သိမ်းကာလအလွန် ဈေးများ ကျဆင်းလာလျှင် အထိအခိုက်သက်သာစေရန် ထောက်ပံ့ကြေးငွေ ၅၀% ထိ ပံ့ပိုးသွားမည်ဟု ကြေငြာခဲ့သည်။

အသီးအရွက် ထုတ်လုပ်ရေးကဏ္ဍအသီးသီးမှ ပေါက်ဈေးများ ယခင်နှစ်ကထက် ၁၅% ပိုမို ကျဆင်းပါက ထောက်ပံ့ကြေးပေးအပ်မှု စတင်အသက်ဝင်လာမည်ဟု ဆိုသည်။

လယ်သမားများ အသီးအရွက်ထုတ်လုပ်ခြင်းနှင့်ပါတ်သက်၍ ကုန်ကျစရိတ်များ၊ ကုန်ပစ္စည်းများ ပုတ်သိုးလွယ်မှုကြောင့်ဖြစ်လာမည့် အလေအလွင့်နှင့် ဆုံးရှုံးမှုများကို သက်သာစေရန် ထောက်ပံ့ရခြင်းဖြစ်ကြောင်း စားသောက်ကုန်ထုတ်လုပ်ရေး ဝန်ကြီး Harsimrat Kaur Badal က ပြောခဲ့သည်။

 

ထောက်ပံ့စရိတ်ရရှိရန် လျှောက်လွှာတင်သွင်းမှုများကို သတ်မှတ်ထားသော အချိန်အတွင်း နည်းပညာအသုံးပြု၍ ဆောင်ရွက်သွားမည်ဟု သိရသည်။

ကြိုတင်စီမံသည့် အနေဖြင့် ထောက်ပံ့ငွေ ပေးရေး ဆုံးဖြတ်ချက်များကို ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ အာလူးကဲ့သို့ သီးနှံများမှ စတင်သွားမည်ဖြစ်ပြီး လယ်သမားများ၏ အကျိုးစီးပွား ဘေးကင်းစေရန်နှင့် ကိုဗစ်ကန့်သတ်ချက်များကြောင့် တန်ဖိုးငွေများ ဆုံးရှုံးမှုရှိမရှိစစ်ဆေးခြင်းများ ဆောင်ရွက်ရန် နာရီပိုင်းခန့် လိုအပ်မည်ဟု ဆိုသည်။

ထောက်ပံ့ကြေး လျှောက်ထားသူ ၁ဦးအနေနှင့် ၆ လအတွင်း အများဆုံးပမာဏအနေဖြင့် အိန္ဒိယ ရူပီးငွေ ၁ ကုဋေထိ ရရှိနိုင်မည်ဟု သိရသည်။

စားသောက်ကုန် လုပ်ငန်းရှင်များ၊ တောင်သူ ထုတ်လုပ်ရေး အသင်းများ၊ သမဝါယမ အသင်းများ၊ လိုင်စင်ရ ကော်မရှင်စားများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ အစိုးရဌာနမှ ဈေးကွက်ဖေါ်ဆောင်ရေးနှင့် လက်လီဝန်ထမ်းများ၊ လယ်သမားများ အနေဖြင့် ယခုအစီအစဉ်မှ အကျိုးခံစားခွင့်များ ရရှိမည်ဟု ဆိုသည်။

စိုက်ပျိုးရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော သီးနှံစာရင်းမှာ သရက်သီး၊ ငှက်ပျော၊ မာလကာ၊ ကီဝီသီး၊ လိုင်ချီး၊ သင်္ဘောသီး၊ ရှောက်သီး၊ နာနတ်သီး၊ ပိန္နဲသီး နှင့် သလဲသီးတို့ဖြစ်ကြပြီး အသီးအရွက်ကဏ္ဍတွင် ဘိုစားပဲ၊ ကြက်ဟင်းခါး၊ ခရမ်းသီး၊ ပန်းငရုတ်ပွ၊ ပန်းဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ အာလူး၊ ခရမ်းချဉ်၊ မုန်လာဥနီ နှင့် ရုံးပတီသီးတို့ အသီးသီးပါဝင်နေကြသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: Economic Times, China Daily HK, Outlook India

%d bloggers like this: