SaaS ဆိုသည်မှာ Software as a service ဟုခေါ်သော ကွန်ပျူတာ၊ ဖုန်းများမှ တဆင့် ဆော့ဖ်ဝဲ၊ app အသုံးပြုကာ ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။
မြန်မာပြည်တွင်လည်း လူသိများလှသော Microsoft Office 365, ရုပ်ရှင်ကြည့်သည့် Netflix တို့သည် SaaS များ ဖြစ်ကြသည်။
အိန္ဒိယတွင်ရှိသော SaaS ဈေးကွက်သည် ယခု ၂၀၁၉-၂၀၂၀ အတွင်း ကမ္ဘာ့ SaaS ဈေးကွက်ထက် ၁.၅ ဆ ပို၍ ကြီးထွား ဖွံ့ဖြိုးလာသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ၃၀% ထပ်မံတိုးတက်လာကာ ၎င်း ဆော့ဖ်ဝဲလ်၊ App သုံး ဝန်ဆောင်မှု လုပ်ငန်းများမှ ဝင်ငွေ ကန်ဒေါ်လာ ၃.၅ ဘီလျံ ထိရရှိခဲ့သည်။
ထိုဝင်ငွေများထဲမှ ၄ ပုံ ၃ ပုံသည် အိန္ဒိယပြင်ပ ကမ္ဘာ့ဈေးကွက်သို့ ရောင်းချ ခြင်းမှ ရရှိလာသည်ဟု Nasscom မှ ထုတ်ပြန်ထားသည်။
Nasscom သည် အိန္ဒိယ၏ နည်းပညာပိုင်းဆိုင်ရာ ကုန်သည်အသင်းကြီးဖြစ်ပြီး ဥက္ကဌဖြစ်သူ Debjani Ghosh က ၎င်းတို့ SaaS ကုမ္ပဏီများသည် အိန္ဒိယ နိုင်ငံအနေဖြင့် အဓိက အာရုံစိုက်လာနေသော စီးပွားရေးလုပ်ငန်းများအား ဒစ်ဂျစ်တယ်စနစ်များသို့ ပြောင်းရွှေ့ရေး စီမံကိန်းများကြောင့် များစွာတိုးတက်ခဲ့သည်ဟု ပြောကြားခဲ့သည်။
၎င်းတို့၏ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသည် ကမ္ဘာ့ စီးပွားရေးတွင် အရေးပါသော နေရာများ၌အသုံးပြုခြင်း ခံလာရပြီး အိန္ဒိယသားတို့ အနေဖြင့်လည်း SaaS စနစ်ကြီး ပိုမိုတိုးတက်လာရန် ခိုင်မာသော အိပ်မက်များ ရှိနေခြင်းက မှန်ကန်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။
ပွင့်သစ်စလုပ်ငန်းများ ရင်းနှီးမြှုပ်နှံငွေနှင့် လုပ်ငန်းတန်ဖိုး ဒေါ်လာ ၁ ဘီလျံ ကျော်လာခြင်းကို Unicorn ဟု သတ်မှတ်လေ့ရှိရာ အိန္ဒိယတွင် SaaS Unicorns ကြီး ၆ ခု ရှိနေသည်။
Zoho, Freshworks, Postman, HighRadius, Druva နှင့် Icertis တို့ ဖြစ်ကြသည်။
လာမည့် ၂၀၂၅ တွင် ဒေါ်လာ ၁ ဘီလျံ အထက် လုပ်ငန်းများ ပိုမိုထွက်ပေါ်လာမည်ဟု ခန့်မှန်းထားကြသည်။
အိန္ဒိယ၏ SaaS နယ်ပယ်တွင် ကုမ္ပဏီပေါင်း ၁၀၀၀ ကျော် ရှိနေပြီး ထိုအထဲမှ ကုမ္ပဏီ ၁၅၀ ကျော်သည် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁ သန်း နှင့် အထက် ရှိနေသည်။
Nasscom ကုန်သည်အသင်းမှ ဆက်လက်ထုတ်ပြန်ချက်များအရ ယခုနှစ် ဝင်ငွေများမှာ ဒေါ်လာ ၃.၅ ဘီလျံ ဖြစ်နေသော်လည်း လာမည့် ၂၀၂၅ တွင် ဆော့ဝဲလ် အသုံးပြုဝန်ဆောင်မှုများကို ရောင်းချခြင်းမှ ဒေါ်လာ ၁၃ ဘီလျံ မှ ၁၅ ဘီလျံ အတွင်း ရရှိလာနိုင်မည့် အလားအလာရှိသည်ဟု ကြေညာထားသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Times Of India, Aithority, Nasscom, Profitbooks
Image: Economic Times. India Times