အိန္ဒိယအစိုးရသည် လာမည့် ကြံပင်ရိတ်သိမ်းရောင်းချမည့် ရာသီအတွက် ကြံ ၁၀၀ ကီလိုဂရမ်လျှင် ၃၁၅ ရူပီးဖြင့် ရောင်းချရန် ဈေးကွက်တန်ဖိုးသတ်မှတ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။
၂၀၂၃-၂၀၂၄ ကြံရာသီအတွက် သင့်တင့်သောဈေးနှုန်းကို သတ်မှတ်ပေးခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးဖြစ်သူ Anurag Thakur က ပြောကြားခဲ့သည်။
မူလထက် ၁၀ ရူပီး ဈေးပိုသတ်မှတ်ပေးခြင်းကြောင့် ကြံစိုက်တောင်သူဦးရေ သန်း ၅၀ အတွက် အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကာ ယခု 1 Quintal (၁၀၀ ကီလို) လျှင် ၃၁၅ ရူပီးမှာ အမြင့်ဆုံးသတ်မှတ်ဈေးလည်း ဖြစ်လာခဲ့သည်။
အိန္ဒိယတွင် ကြံပင်များကို ရိတ်သိမ်းချိန်အထိ ၁၂ လမှ ၁၈ လ ကြာ စိုက်ပျိုးရပြီး များသောအားဖြင့် ဇန်နဝါရီ-မတ်လ ကာလသည် စတင်စိုက်ပျိုးချိန်ဖြစ်ကာ ဒီဇင်ဘာမှ မတ်လ ကာလသည် ရိတ်သိမ်းချိန်ဖြစ်သည်။
ယခုဈေးနှုန်းသတ်မှတ်ချက်သည် ကြံစိုက်တောင်သူများကိုသာ ရည်ရွယ်သည်မဟုတ်ဘဲ သကြားစက်ရုံများတွင် အလုပ်လုပ်ကြသော အလုပ်သမား ၅ သိန်းအတွက်လည်း အကျိုးရှိမည်ဟုဆိုသည်။
ကမ္ဘာပေါ်တွင် သကြားထုတ်လုပ်မှုအများဆုံးမှာ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံများဖြစ်ပြီး အိန္ဒိယက သကြားထုတ်လုပ်မှု ၁ နှစ်လျှင် တန်ချိန် ၃၄ သန်းကျော်ဖြင့် ဦးဆောင်နေသော်လည်း ပြည်တွင်း စားသုံးမှု များပြားသဖြင့် သကြားတင်ပို့ကုန်တွင်မူ ဘရာဇီးက ဦးဆောင်လျက်ရှိသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Statista, Drishtiias, Commodity Online, Byjus
Image: AFP