အင်ဒိုနီးရှားနိုင်ငံ၏ သဘာဝ ဆီအုန်း (crude palm oil – CPO) တင်သွင်းမှုအပေါ် မှီခိုမှု ကြီးမားလာသော အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အင်ဒို၏ ပို့ကုန်စည်းမျဉ်းတင်းကြပ်မှုများအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၂၊ ဧပြီလ အတွင်းက အင်ဒိုနီးရှားသည် ပြည်တွင်း ဟင်းချက်ဆီ မလုံလောက်မှုကြောင့် ဆီအုန်းအား ပြည်ပသို့ တင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး ပြည်တွင်းလိုအပ်ချက် ပမာဏ ပုံမှန်ပြန်ရောက်သည်ဟု ယူဆသည့် မေလအတွင်း အချက်အလက်များ စစ်ဆေးပြီးနောက် ပို့ကုန် ပိတ်ပင်ထားမှုအား ပြန်လည်ဖြေလျော့ပေးခဲ့သည်။
ယမန်နှစ်က အိန္ဒိယသည် ဆီအုန်းတန်ချိန် ၅ သန်းကို အင်ဒိုနီးရှားမှ တင်သွင်းခဲ့ပြီး အချက်အပြုတ်၊ အလှကုန်၊ စားသောက်ဆိုင်နှင့် စားသောက်ကုန် ပစ္စည်းများ စသည်တို့အတွက် စွယ်စုံသုံးနေသော အိန္ဒိယ ဆီအုန်း စားသုံးမှုမှာ ၂၀၂၁-၂၂ ကာလတွင် တန်ချိန် ၂၂ သန်း ခွဲ အထိ မြင့်တက်လာသည်။
ကမ္ဘာပေါ်တွင် ဆီအုန်းကို အများဆုံး တင်ပို့သူများမှာ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ ဖြစ်ပြီး အိန္ဒိယအတွက် လိုအပ်နေသော ဆီအုန်းတို့ကို အဆိုပါ ၂ နိုင်ငံမှ အဓိက တင်သွင်းက ထိုင်းနိုင်ငံမှလည်း အနည်းငယ်တင်သွင်းခဲ့သည်။
အိန္ဒိယကဲ့သို့ အလားတူပင် ပါကစ္စတန် နိုင်ငံသည်လည်း ဆီအုန်း စားသုံးမှု မြင့်မားပြီး ယခုနှစ် ၂၀၂၃ နောက်ပိုင်း ဆီအုန်း လိုအပ်ချက်ကို ပြည့်မီရန် အင်ဒိုနီးရှားထံမှ ဝယ်ယူနိုင်ရေးအား ပါကစ္စတန် စားသုံးဆီ အစည်းအဝေး (PEOC) ကို ကျင်းပကာ ကြိုးစားနေရသည်။
ပါကစ္စတန်၏ ဆီအုန်း ထုတ်လုပ်နိုင်စွမ်းမှာ တန်ချိန် ဝ.၇၅ သန်း သာ ရှိပြီး နိုင်ငံတွင်း စားသုံးမှုမှာ တန်ချိန် ၄.၅ သန်း အထိ ရှိနေရာ ၈၀% ကျော်မှာ ပြည်ပမှ တင်သွင်းလာမှုကိုသာ အားထားနေရသည်။
အိန္ဒိယတွင် ပြီးခဲ့သည့် စက်တင်ဘာလက ဟင်းသီးဟင်းရွက်ဆီနှင့်ပတ်သက်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွမ်ဘိုင်းတွင် ကျင်းပခဲ့ပြီး ယခုလ နိုဝင်ဘာတွင်လည်း VegOil 2023 ကို ထပ်မံလုပ်ဆောင်ကာ ဆီအုန်းလိုအပ်ချက် ပြည့်မီရေးကို လုပ်ဆောင်လျက်ရှိသည်။
၂၀၂၂ ပို့ကုန် စတင်တင်းကြပ်သည့်အချိန်မှ စ၍ အင်ဒို၏ ပို့ကုန်စည်းမျဉ်းမူဝါဒများကို ပြန်လည် သုံးသပ်ပေးရန် အိန္ဒိယနှင့် ပါကစ္စတန်တို့က တိုက်တွန်းလျက်ရှိသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Jakarta Globe, Investing .Com, Business Standard, Statista, 10 Times
Image: Arbiterz