အာရေးဗီးယန်းပင်လယ်ထဲမှာ ဖြစ်ပွားနေတဲ့ ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါဟာ မနေ့က ညနေ ၅နာရီခွဲအချိန်လောက်မှာဆိုရင်တော့ အိန္ဒိနိုင်ငံနောက်ပိုင်းမှာရှိတဲ့ ဂိုအာပြည်နယ်ရဲ့ အနောက်ဘက် ကီလိုမီတာ ၂၈၀ခန့်၊ မွမ်ဘိုင်းမြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၃၅၀ခန့်အကွာကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ဒီမုန်တိုင်းကြီးဟာ ဒီနေ့နေ့လည် ၃နာရီလောက်မှာဆိုရင်တော့ မဟာရာ့ရှ်သရာ ပြည်နယ်ထဲကို အားပြင်းတဲ့ မုန်တိုင်းကြီးအဖြစ် တစ်နာရီ ကီလိုမီတာ ၁၂၀ လေတိုက်နှုန်းနဲ့ ဝင်ရောက်တော့မှာပါ။ ဒီလို ရာသီဥတုဆိုးဝါးမှုကို ကြိုတင်ကာကွယ်ဖို့အတွက် မွမ်ဘိုင်းလေဆိပ်တာဝန်ရှိသူတွေဟာ လေကြောင်းလိုင်းတွေနဲ့ အရေးပေါ် အစည်းအဝေး လုပ်ခဲ့ပါတယ်။
ပုံမှန်ဆိုရင်လည်း မွမ်ဘိုင်းလေဆိပ်ဟာ ကိုဗစ်-၁၉ရောဂါ ပြန်ပွားမှုကို ကာကွယ်ဖို့ ၁ရက်ကို လေယဉ်ခရီးစဉ် အကြောင်း၅၀သာ ခွင့်ပြုပေးနေတာဖြစ်ပါတယ်။ ခုခါမှာတော့ မုန်တိုင်းကြောင့် ရာသီဥတုဆိုးဝါးပြီး မတော်တဆဖြစ်မှုတွေ မဖြစ်ရလေအောင် IndiGo လေကြောင်းလိုင်းဟာ မွမ်ဘိုင်းလေဆိပ်ကို ပြေးဆွဲမဲ့ ခရီးစဉ် ၁၇ခုကို ဖျက်သိမ်းခဲ့ပြီး ကျန်တဲ့ ခရီးစဉ်၃ခုကိုပဲ ပြေးဆွဲပေးမှာပါ။ တခြားလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Vistara ကတော့ မွမ်ဘိုင်း-ဒေလီ၊ မွမ်ဘိုင်း-ကာလကတ္တား ခရီးလမ်းကြောင်းတွေကို ရပ်နားခဲ့ပါတယ်။
မွမ်ဘိုင်းလေဆိပ်တာဝန်ရှိသူတွေကတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အားသွန်ခွန်စိုက်လုပ်ဆောင်နေပြီး ဒီနေ့မှာ လေဆိပ်ထဲရောက်နေမယ့် ခရီးသည်တွေကို တတ်နိုင်သလောက် အကောင်းဆုံး ကာကွယ်ပေးသွားမှာပါလို့ ကြေငြာထားပါတယ်။ ခုဆိုရင် လေဆိပ်ထဲမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်ရင် အရေးပေါ်အသုံးချနိုင်ဖို့ အရန်မီးစက်တွေကို ပြင်ဆင်ထားပြီး ဖြစ်သလို ရေကြီးရေလျှံမှုတွေကို ကိုင်တွယ်ဖို့ ရေစုပ်စက်တွေလည်း အဆင်သင့်ဖြစ်နေပါပြီ။ လေဆိပ်က အရေးပေါ်တုံ့ပြန်ရေး အဖွဲ့သားတွေကိုလည်း သူ့တာဝန်နဲ့သူ ခွဲခြမ်းပေးပြီးသားဖြစ်တဲ့အတွက် မုန်တိုင်းကုန်းတွင်းဝင်တာကို စောင့်ဖို့ပဲကျန်တော့တယ်လို့ တာဝန်ရှိသူတစ်ယောက်က ဖြေကြားသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Economic Time
Photo: Times Now News