0

အိန္ဒိယ ကျောက်မီးသွေးတင်သွင်းမှု ၃၂% မြင့်တက်ခဲ့

Share

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ဧပြီလမှ ဖေဖေါ်ဝါရီ ၂၀၂၃ အထိ (မတ်လ ၁ လ ကျန်) ပြည်ပမှ ကျောက်မီးသွေး တင်သွင်းမှု တန်ချိန် ၁၄၈.၅၈ သန်း အထိ ရှိခဲ့ပြီး ယခင်နှစ်ကထက် ၃၂% ပိုမိုများပြားခဲ့သည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် ကျောက်မီးသွေးထုတ်လုပ်မှု အများဆုံး ၅ နိုင်ငံအတွင်း ပါဝင်သော်လည်း ၎င်းကိုယ်တိုင်က စွမ်းအင်သုံးစွဲမှု မြင့်မားနေခြင်းကြောင့် နိုင်ငံရပ်ခြားမှ အမြောက်အများ တင်သွင်းနေရဆဲဖြစ်သည်။
Coking Coal ဟုခေါ်သည် စတီးထုတ်လုပ်ရာတွင် အသုံးပြုသော ကျောက်မီးသွေးအမျိုးအစားကို ပြည်ပမှ တင်သွင်းမှုအပေါ် အကြီးအကျယ်မှီခိုနေရသည်ဟု ဆိုသည်။

ထို့အပြင် အိန္ဒိယသည် ကျောက်မီးသွေးမှ လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် နိုင်ငံကြီးများထဲတွင် ပါဝင်ပြီး ဓါတ်အားအတွက် လောင်စာအဖြစ်အသုံးပြုသော Non Coking Coal ကျောက်မီးသွေးအမျိုးအစားကိုလည်း ယခုနှစ် ၂၀၂၃ ဖေဖေါ်ဝါရီလ ၁ လ တည်းတွင်ပင် တန်ချိန် ၁၁.၆၈ သန်း တင်သွင်းခဲ့သည်။
အဆိုပါ Non Coking Coal သည် ပြာမှုန့် ထွက်ရှိနှုန်း မြင့်မားပြီး ဘိလပ်မြေ၊ ဓါတ်မြေဩဇာ၊ ကြွေ၊ စက္ကူနှင့် အခြား ဓါတုထုတ်ကုန်များ ထုတ်လုပ်ရာတွင်လည်း အသုံးပြုသည်ဟု သိရသည်။

အိန္ဒိယ၏ ယခုနှစ်ပိုင်း ကျောက်မီးသွေးတင်သွင်းမှုများတွင် စစ်ပွဲကြောင့် စီးပွားရေးပိတ်ဆို့မှုများ ခံနေရသည့် ရုရှားထံမှ ဈေးသက်သက်သာသာဖြင့် တင်သွင်းမှု မြင့်တက်နေပြီး ရုရှားသည် အိန္ဒိယ၏ တတိယအကြီးဆုံး ကျောက်မီးသွေး ရောင်းချသူလည်း ဖြစ်လာသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Coal Junction, Reuters Business, Oil Price
Image: The Guardian

%d bloggers like this: