တရုတ်နိုင်ငံ ဘဏ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (CBRC) ၏ ဥက္ကဌဟောင်းဖြစ်သူ Liu Mingkang က ဟောင်ကောင်အနေဖြင့် နယူးယောက်၊ လန်ဒန်တို့နှင့် အပြိုင် ကမ္ဘာ့ဘဏ္ဍာရေးအချက်အချာနေရာဖြစ်နေဦးမည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးကို ဆက်သွယ်ရန် ဘဏ္ဍာရေး တံခါးဝ အဖြစ်ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။
ဟောင်ကောင်ရှိ Shenzhen Finance Institute မှ ကျင်းပပြုလုပ်သော အွန်လိုင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
လျူ (Liu Mingkang) က မကြာသေးခင်က ဖြစ်ပွားခဲ့သော တရုတ်ပြည်မကြီးမှ ထုတ်ပြန်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေကိစ္စများအပြီး ဟောင်ကောင်၏ ဘဏ္ဍာရေးဆိုင်ရာ အဓိကရပ်တည်မှုကို ဝေဖန်နေသည့် လူများသည် စီးပွားရေး၊ ဘဏ္ဍာရေး နှင့် နိုင်ငံရေးပိုင်းများကို နားမလည်ကြသည့် သူများသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ပြည်မကြီးနှင့် ဟောင်ကောင် အကြားရပ်တည်မှုများကြားမှ ဟောင်ကောင်အား ဘဏ္ဍာရေးအခြေအနေ အင်အားချိနဲ့လာစေရန် ပုံဖေါ်နေသည့် အမြင်များသည် အန္တရာယ်များကြောင်း သူက ဆိုသည်။
ယခုကဲ့သို့ ကမ္ဘာ့ဘဏ္ဍာရေးတွင် အဓိကကျသည့် နေရာမှ ဖြတ်သန်းနေသည့် ဟောင်ကောင်သည် တရားဥပဒေစိုးမိုးမှု၊ တဦးချင်း လွတ်လပ်မှု၊ အင်္ဂလိပ်ဘာသာစကား အသုံးပြုမှုများအပေါ် အခြေခံထားခြင်းဖြစ်သည်ဟု လျူက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဟောင်ကောင်သည် စီးပွားလုပ်ငန်းများ မိမိရှယ်ယာတို့ကို ပထမဆုံး အကြိမ် အများပြည်သူသို့ ရောင်းချသည့် Initial Public Offerings ကိစ္စများ ပြုလုပ်ရာတွင် ထိပ်ဆုံးမှ ရပ်တည်နေခဲ့သည်။
“တကယ်လို့ တရုတ်ကုမ္ပဏီတွေ အမေရိကန်က ပြန်လာခဲ့ရင် ဟောင်ကောင်က နောက်နှစ် နံပါတ် ၁ ဖြစ်မှာပဲ” ဟု Liu Mingkang က ပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ္ဍာရေးတွင် အရေးကြီးသည့် နေရာတွင်ရှိသည့် ဟောင်ကောင်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တရုတ်ပြည်မကြီးမှ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေများ စတင် ပြဌာန်းလာသောကြောင့် မေးခွန်းထုတ်စရာ ကိစ္စများလည်းရှိလာခဲ့သည်။
ယခင်က ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော ဟောင်ကောင်ကို အမေရိကန်ပြည်ထောင်စုက စီးပွားရေး အထူးအခွင့်အရေးပေးထားသည့် အချက်အလက်များနှင့် ဟောင်ကောင်၏ Special Trading Status ရပ်တည်ချက်ကိုလည်း ရပ်တန့်ခဲ့သည်။
ထိုအချိန်အတွင်း တရုတ်ပြည်မကြီးရှိ ရှန်ဟိုင်းသည် (ဟောင်ကောင်ကဲ့သို့) နိုင်ငံတကာ ဘဏ္ဍာရေးဈေးကွက်တွင် အရေးပါသော နေရာဖြစ်လာရန် ကြိုးပမ်းလျက်ရှိပြီး တောင်ပိုင်းဒေသဖြစ်သော ဟိုင်နန်ကျွန်းကို လွတ်လပ်စွာကုန်သွယ်ခွင့်ပြုသည့် နေရာ (Free Trade Zone – အစိုးရမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုဟု ယုံကြည်ရသော နေရာ) အဖြစ် သီးသန့် သတ်မှတ်ပြီးဖြစ်သည်။
သို့သော်လည်း ဟောင်ကောင်သည် တရုတ်ပြည်၏ အဂ္ဂမဟာဗျူဟာ (နှစ် ၁၀၀ နှင့် အထက်စီမံကိန်း) ထဲတွင် အရေးပါသော အစိတ်အပိုင်းဟု လျူက ဆိုသည်။
Greater Bay Area မဟာပင်လယ်အော်ဒေသဟု ခေါ်ဆိုကြသည့် ဟောင်ကောင်နှင့် မကာအိုတို့သည် ရှန်ဟိုင်းနှင့် လုံးဝကွဲပြားခြားနားပြီး ထိုမြို့များနှင့် ယှဉ်ပြိုင်ရန်မူ ဟိုင်နန်ကျွန်းအတွက် စောလွန်းနေသေးသည်ဟု လျူက ပြောကြားခဲ့သည်။
Greater Bay Area သည် အမေရိကန်ကို တုံ့ပြန်ရန်နှင့် ဆိုက်ဘာလုံခြုံရေး၊ ငွေကြေးခဝါချခြင်းနှင့် အကြမ်းဖက်မှုများကို တုံ့ပြန်ရေးများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ထိုဧရိယာသည် နိုင်ငံတကာစံနှုန်းနှင့်အညီ စာရင်းအင်းဆိုင်ရာများ၊ ဥပဒေများကို ကျင့်သုံးသွားရမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် Greater Bay Area ရှိ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအနေဖြင့် တရုတ်ပြည်မကြီးအတွင်းရှိ မီဒီယာပလက်ဖေါင်းများနှင့် နိုင်ငံတကာသုံး မီဒီယာများ ၂ ခု စလုံးကို အသုံးပြုခွင့်လည်း ရရှိသင့်သည်ဟု ဆိုသည်။
Facebook, Twitter သို့မဟုတ် Bloomberg ကဲ့သို့ မီဒီယာကြီးများနှင့် ပြည်မကြီးအတွင်းရှိ မီဒီယာများအားလုံးကို သုံးခွင့်ရမှသာလျှင် ကမ္ဘာ့ဈေးကွက်ရှိ အခွင့်အလမ်းများနှင့် စွန့်စားရမည့် အခြေအနေများကို သိရှိနိုင်မည်ဟု Liu က ပြောကြားခဲ့သည်။
(တရုတ်ပြည်မကြီးဘက်တွင်မူ အမေရိကန်မီဒီယာများဖြစ်သည့် Facebook, Google စသည်တို့ကို အသုံးပြုခွင့်အား ပိတ်ထားဆဲဖြစ်သည်။)
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: South China Morning Post
Image: Global Compliance News