ဒစ်ဂျစ်တယ်ငွေကြေး ရင်းနှီးမြှပ်နှံသူများထံမှ တိုင်ကြားစာပေါင်း ၂ထောင်ခန့် ရရှိခဲ့ပြီနောက် ဒစ်ဂျစ်တယ်ငွေကြေးဖလှယ်မှု ကုမ္ပဏီဖြစ်သော JPEX နှင့် ၎င်းကုမ္ပဏီ၏ ပါတနာအဖြစ် လူထုအကြား ကြော်ငြာပေးသည့် အင်တာနက်ဆယ်လီများကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
တိုင်ကြားစာများအရ မသမာမှု ပြုလုပ်ခံရသည့် ငွေကြေးပမာဏမှာ ဟောင်ကောင်ဒေါ်လာ ၁.၃ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၆၆ သန်း) အထိရှိပြီး ဟောင်ကောင်၏ အကြီးဆုံး ငွေကြေးလိမ်လည်မှုဟု မီဒီယာများက ခေါင်းစဉ်တပ်သည်။
JPEX သည် ဟောင်ကောင်၏ ဆယ်လီများကို အသုံးပြု၍သာမက မြေအောက်ရထား ဘူတာရုံများတွင်ပါကြော်ငြာဘုတ်ကြီးများဖြင့် မားကတ်တင်းပြုလုပ်၍ လူထုအကြားပြန့်နှံ့စေရန်ပြုလုပ်ခဲ့ပြီး လက်ရှိ တိုင်ကြားသူအများစုသည် ကုမ္ပဏီ၏ မက်လုံးများကို ယုံစားမိသူများဖြစ်ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ဆိုသည်။
လက်ရှိတွင် အဆိုပါ အမှုနှင့် ဆက်စပ်၍ လူ ၁၁ဦးကို ထိန်းသိမ်းထားပြီး ၎င်းတို့တွင် subscriber ၂သိန်းကျော်ရှိသည့် YouTuber Chan Yee နှင့် ဟောင်ကောင်ဟာသဘုရင်ဟု သူ့ကိုယ်သူ အမည်ပေးထားသော အင်တာနက်ဆယ်လီဂျိုးဆက်လမ် လည်း ပါဝင်ကြောင်းသိသည်။
ဂျိုးဆက်လမ်၏ Instagram အရသူသည် သူ၏ follower များကို Bitcoin တွင်ရင်းနှီးမြှပ်နှံပါက အိမ်များ ကားများ မည်သို့ပိုင်ဆိုင်နိုင်မည်ဆိုသည့် ဆွယ်တရားဟောပို့စ်များကို တင်ထားကြောင်း တွေ့ခဲ့ရပြီး ယခုအခါ ဟောင်ကောင်ရဲတပ်ဖွဲ့က သူ၏အိမ်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဟောင်ကောင်ငွေကြေးစည်းမျဉ်းလုံခြုံရေး ကော်မရှင်က JPEX သည် ယခုနှစ် ဇွန်လတွင် ဟောင်ကောင်၌ ပြဌာန်းခဲ့သော crypto trading လိုင်စင်ဥပဒေအောက်တွင် မှတ်ပုံတင်ထားခြင်း မရှိကြောင်း ပြောကြားခဲ့ပြီး JPEX က ၎င်းတို့အနေဖြင့် မှတ်ပုံတင်ရန်ကြိုးပမ်းခဲ့ကြောင်းနှင့် ကော်မရှင်၏ ကြန့်ကြာမှုကြောင့် မအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်းပြန်လည်ချေပထားသည်။
နစ်နာသူများ၏ ပိုင်ဆိုင်မှုများ မဆုံးရှုံးစေရန် အာဏာပိုင်များက ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီးက သတင်းဌာနများသို့ဖြေကြားခဲ့ပြီး ယခုဖြစ်ရပ်ကို သာဓကယူ၍ ရင်းနှီးမြှပ်နှံသူများအနေဖြင့် လိုင်စင်ရ ကုမ္ပဏီများတွင်သာ ရင်းနှီးမြှပ်နှံမှုပြုကြရန် သူကတိုက်တွန်းခဲ့သည်။
ဗဟိုဘဏ်များ၏ လွှမ်းမိုးမှုအောက်မှ ကင်းလွတ်စေရန် ရည်ရွယ်ချက်ဖြင့် ဒစ်ဂျစ်တယ် ငွေကြေးများကို တီထွင်ခဲ့ကြသော်လည်း ရင်းနှီးမြှပ်နှံခြင်းနှင့် ရောင်းဝယ်ဖလှယ်ခြင်း လုပ်ပေးမည့် ကုမ္ပဏီများကိူမူ ဥပဒေများဖြင့် ပြဌာန်းထိန်းချုပ်ရန်လိုအပ်လျက်ရှိကြောင်း ယခုဖြစ်ရပ်က မီးမောင်း ထိုးပြနေသည်။
ဒစ်ဂျစ်တယ်ငွေကြေး ကျွမ်းကျင်သူများကတော့ လက်ရှိဥပဒေများသည် ကုမ္ပဏီများ၏ လက်တလုံးခြားလုပ်မှုများကို တားဆီးရန်နှင့် ရင်းနှီးမြှပ်နှံသူများ၏ ဆုံးရှုံးမှုကို ကာကွယ်ရန် မလုံလောက်သေးဘဲ ထပ်မံ၍ လေ့လာထိန်းကျောင်းရန် လိုပ်လျက်ရှိကြောင်း ထောက်ပြကြသည်။
JPEX အနေဖြင့် ၎င်းတို့ ဝဘ်ဆိုက်တွင် ရုံးချုပ်တည်နေရာကို ဒူဘိုင်းဟု ပြထားပြီး US, ကနေဒါနှင့် ဩစတြေးလျတို့တွင် လိုင်စင်များရရှိထားကြောင်း တင်ထားသော်လည်း အထောက်အထား စာရွက်စာတများမှာ ဖတ်မရအောင်မှုန်ဝါးနေကြောင်း သိရသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC, SCMP, AP
Photo: AP