0

ပြီးခဲ့တဲ့ မတ်လမှာ ဂိမ်းစက်တွေနည်းတူ ရောင်းအားကောင်းခဲ့တဲ့ အမေရိကန်က သေနတ်ဆိုင်များ

Share

     အပေါ်ကပုံကို ရုတ်တရက်ကြည့်ရင် အမေရိကန်မှာ ကပ်ရောဂါကာလအတွင်း စားစရာဝယ်ဖို့ လူတွေတန်းစီနေတာလို့ ထင်စရာပါ။ ဒါပေမဲ့ တကယ်တော့ အဲဒီဆိုင်ဟာ စားစရာရောင်းတဲ့ ဆိုင်မဟုတ်ပါဘူး။ သေနတ်၊ တုတ်၊ ဓါး စတဲ့ လက်နက်ငယ်တွေ ရောင်းတဲ့ လော့စ်အိန်ဂျလိစ်က သေနတ်ဆိုင်မှာ မတ်လလယ်လောက်က သေနတ်ဝယ်ဖို့တန်းစီနေတဲ့ သူတွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ထောက်လှမ်းရေး ဗျူရိုဖြစ်တဲ့ FBI ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ မတ်လတုန်းက သူတို့ဌာနမှာ သေနတ်ဝယ်ဖို့အတွက် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်ရယူသူတွေ ၃.၇သန်းအထိ ရှိခဲ့ပါတယ်တဲ့။ မတ်လ ၂၁ရက်တုန်းကဆိုရင် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက် ထုတ်ယူသူပေါင်း ၂သိန်း ကျော်ရှိခဲ့ပြီး ဌာနသမိုင်းတလျှောက်မှာ ၁ရက်အတွင်း အများဆုံးလျှောက်ထားမှု အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ FBI က သေနတ်ဆိုင်တွေမှာ ရယူထားတဲ့အချက်အလက်တွေအရ တနိုင်ငံလုံးမှာတော့ သေနတ်ပေါင်း ၂သန်းလောက်ရောင်းချခဲ့ရပါတယ်။ အီလီနွိုက်ပြည်နယ်ကတော့ သေနတ်ပေါင်း ၅သိန်းလောက်ရောင်းချခဲ့ရပြီး ပြည်နယ်တွေကြားထဲမှာ နံပါတ် (၁)ဖြစ်ခဲ့တာပါ။ သူ့နောက်မှာတော့ တက္ကဆက်၊ ကင်တပ်ကီ၊ ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေက အစဉ်လိုက်ရှိနေပါတယ်။
     ဂျော်ဂျီယာပြည်နယ်က ဥပဒေပညာရှင်နဲ့ လက်နက်ကိုင်ဆောင်မှုထိန်းချုပ်ရေး မူဝါဒရေးဆွဲမှု အဖွဲ့ဝင်ဖြစ်တဲ့ ပါမောက္ခတီမိုသီကတော့ လူတွေဒီလိုမျိုး လက်နက်တွေကို အလုအယက်ဝယ်ယူကြတာဟာ အချက်၂ချက်အပေါ်မှာ မူတည်တယ်လို့ ပြောပြပါတယ်။ ပထမတစ်ချက်ကတော့ ကပ်ရောဂါကြီးပိုမိုဆိုးဝါးလာလို့ တစ်နိုင်ငံလုံး ထိန်းမနိုင်သိမ်းမရတွေဖြစ်လာရင် မိမိကိုယ်ကို အတတ်နိုင်ဆုံးကာကွယ်ကြမယ်ဆိုပြီး စဉ်းစားကြတာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ချက်ကကြတော့ အစိုးရဟာ အခုတောင် အပြင်မထွက်ရကန့်သတ်မှုတွေ စလုပ်နေတယ်၊ စားစရာတချို့ကိုလည်း အကန့်အသတ်နဲ့ ဝယ်ယူဖို့ ထိန်းချုပ်နေတယ်၊ နောက်ဆိုရင် လက်နက်ဝယ်ယူမှု ကိုင်ဆောင်မှု ဥပေဒေတွေကိုလည်း တင်းကြပ်လာနိုင်တယ်ဆိုပြီး စဉ်းစားမှုကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီအချက်၂ချက်ဟာ ၁ခုနဲ့၁ခုတော့ ဆန့်ကျင်ဘက်ဖြစ်နေကြပါတယ်။ ပထမအချက်လိုမျိုးစဉ်းစားတဲ့သူတွေက အစိုးရအုပ်ချုပ်မှု အားနည်းသွားပြီး ပရမ်းပတာဖြစ်ရင် ကာကွယ်ဖို့ဝယ်ယူကြတာဖြစ်ပါတယ်။ ဒုတိယအချက်လိုမျိုးစဉ်းစားတဲ့သူတွေကတော့ အစိုးရဥပဒေတွေ ပိုအားကောင်းလာပြီး အရင်လို လက်နက်အလွယ်တကူဝယ်ယူခွင့် ဆုံးရှုံးမှာကြောက်တဲ့သူတွေဖြစ်ပါတယ်လို့ ရှင်းပြသွားပါတယ်။


     အမေရိကန်မှာ ခုဆိုရင်တချို့ပြည်နယ်တွေကတော့ သေနတ်ဆိုင်တွေကို ဖွင့်ခွင့်ပေးသေးပေမဲ့ နယူးယော့၊ မန်ဆာခြူးဆက်နဲ့ နယူးမက္ကစီကို ပြည်နယ်တွေကတော့ အွန်လိုင်းကသာရောင်းချခွင့်ပေးပါတော့တယ်။ ပြီးခဲ့လ သေနတ်ဆိုင်တွေရှေ့မှာ လူတွေတန်းစီနေတဲ့ပုံတွေ အင်တာနက်ပေါ်ပြန့်နေတုန်းက အမေရိကန်က လက်နက်ကိုင်ဆောင်မှုဆန့်ကျင်ရေးအဖွဲ့တွေနဲ့ သေနတ်ထုတ်လုပ်ရေး၊ သေနတ်ပစ်ဝါသနာရှင်အဖွဲ့တွေ မီဒီယာပေါ်မှာ အပြန်အလှန် စကားစစ်ထိုးကြပါသေးတယ်။ လက်နက်ကိုင်ဆောင်မှု ဆန့်ကျင်ရေးအဖွဲ့တွေကတော့ လူတွေဟာ ဒီလိုမျိုး Stay Home နေတဲ့အချိန် စိတ်ပိုင်းဆိုင်ရာဖိစီးမှု ပိုများတတ်တဲ့အတွက် သေနတ်ဆိုင်တွေကို အပြင်မှာရော၊ အွန်လိုင်းမှာပါ ပိတ်ပေးဖို့ အစိုးရကို ဆော်သြခဲ့ပြီး ဒီဘက်က National Rifle Association လိုအဖွဲ့တွေကတော့ သေနတ်ဝယ်တဲ့သူတွေဟာ ဒီနိုင်ငံရဲ့ တည်ဆဲဥပဒေအရ မိမိကိုယ်ကိုနဲ့ ကိုယ့်မိသားစုကို ကာကွယ်ဖို့လက်နက်ကိုင်ဆောင်ခွင့်ကို အစိုးရက ပေးထားပြီးဖြစ်တဲ့အတွက် သူတို့အနေနဲ့ သေနတ်ဆိုင်တွေဖွင့်ဖို့ကိုပဲ ဆက်လက်ထောက်ခံသွားမှာလို့ ပြန်လည်ချေပခဲ့ပါတယ်။ BBC ကနေ သေနတ်ဆိုင်ရှေ့က လာဝယ်တဲ့သူတစ်ယောက်ကို မေးမြန်းခဲ့ရာမှာတော့ ဒါဟာ သူ့အတွက်ပထမဆုံး သေနတ်ဝယ်ခြင်းဖြစ်ပြီး နိုင်ငံရဲ့ စားသောက်ကုန်မလုံလောက်မှုတွေအတွက် စိုးရိမ်လို့လာဝယ်တာဖြစ်ကြောင်းပြောပါတယ်။ လူတွေက အစားအသောက်ပြတ်လပ်မှာကြောက်ပြီး စုဆောင်းကြပေမဲ့ ဒါတွေကို ကာကွယ်ဖို့ လက်နက်မရှိရင် အလကားပဲလို့သူယူဆပါတယ်တဲ့။ ဒါကြောင့် ခုလောလောဆယ်မှာတော့ သေနတ်တစ်လက်ဟာ ဈေးသက်သက်သာသာနဲ့ လုံခြုံမှု အာမခံချက်ပေးနိုင်တဲ့ အရာပါလို့ ဖြေကြားခဲ့ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC
Photo: Ringo H.W.Chiu/ AP Photo/David Triple Photo/ Fairfax

%d bloggers like this: