GNC Holding Inc ဆိုတာဟာ GNC တံဆိပ်နဲ့ ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေ၊ သဘာဝသစ်ဥသစ်ဖုထွက်ပစ္စည်းတွေ၊ ကျန်းမာရေး အထောက်အကူပြု ဓါတ်စာတွေကို ကမ္ဘာအနှံ့ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးပဲဖြစ်ပါတယ်။ ခုခါမှာတော့ ကိုရိုနာကပ်ရောဂါကြောင့် ကြွေးမြီအကြပ်အတည်းတွေ ပိုဆိုးလာတဲ့အတွက် အမေရိကန်နိုင်ငံရဲ့ ဒေဝါလီခံယူမှုဆိုင်ရာ ဥပဒေ အခန်း(၁၁) အရ ဒေဝါလီခံခြင်းနဲ့ အကာအကွယ်ယူခြင်းကို တရာရုံးမှာ လျှောက်ထားခဲ့တာပဲဖြစ်ပါတယ်။
သက်တမ်း ၈၅နှစ်ရှိခဲ့ပြီး ပစ်စဘတ်မြို့အခြေစိုက် GNC ကုမ္ပဏီဟာ အမေရိကန်နိုင်ငံ တစ်ဝှမ်းမှာ ဆိုင်ခွဲပေါင်း ၅၂၀၀ ခန့်ရှိပြီး တစ်ကမ္ဘာလုံးမှာဆိုရင် ဆိုင်ခွဲပေါင်း ၇၆၀၀လောက် ရှိပါတယ်။ ခုခါမှာတော့ သူတို့ဟာ အမေရိကန်နိုင်ငံက ဆိုင်ပေါင်း ၁၂၀၀ ခန့်ကို ပိတ်ပစ်မှာ ဖြစ်သလို ကုမ္ပဏီကိုတော့ တရာရုံးရယ် ကြွေးရှင်တွေရယ် အကြံပေးတဲ့အတိုင်း အစုရှယ်ယာ အများဆုံးပိုင်ဆိုင်တဲ့ Harbin Pharmaceutical ကုမ္ပဏီကို ဒေါ်လာ သန်း ၇၆၀နဲ့ ဈေးဖြတ်ပြီး ရောင်းချဖို့ စီစဉ်နေပါတယ်။
General Nutrition Center ရဲ့ အတိုကောက်အဖြစ် GNC လို့နာမည်ပေးထားတဲ့ ဒီကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ကြွေးမြီ အကြပ်အတည်းတွေနဲ့ လုံးပန်းနေရတာပါ။ အကြွေး ဒေါ်လာ သန်း၉၀၀လောက်ကို ပြန်ပေးဆပ်နိုင်ဖို့ ကြိုးစားနေရင်းကနေ ကိုရိုနာကပ်ကြီးဖြစ်ပွားလာခဲ့ပြီး ဆိုင်တွေပိတ်လိုက်ရတဲ့အတွက် အဓိကဝင်ငွေလမ်းကြောင်း ပိတ်သွားတဲ့အချိန်မှာတော့ ဒီလိုမျိုး ဒေဝါလီခံဖို့ လျှောက်လွှာတင်ရတဲ့ အခြေအနေဖြစ်လာတော့တာပါပဲ။ ခုချိန်မှာတော့ သူတို့ရဲ့ အလုပ်သမား ၁သောင်းကျော်လောက်ထဲကနေ ၂ထောင်ကျော်လောက်ဟာ အလုပ်ရပ်နားခံရမှာဖြစ်ပါတယ်။
Source: Reuters
Photo: Business Insider