အမေရိကန်ကားထုတ်လုပ်ရေးလုပ်ငန်းကြီး General Motors က လျှပ်စစ်ကားနှင့်ပတ်သက်၍ ဈေးကွက်ဦးဆောင်သူ Tesla နှင့် ပူးပေါင်းကာ Tesla ၏ လျှပ်စစ်ကားအားသွင်းရာ နေရာများကို အသုံးပြုသွားမည်ဖြစ်သည်။
General Motors ၏ ပြိုင်ဘက်ဖြစ်သူ Ford ကားကုမ္ပဏီသည် လျှပ်စစ်ကားအားသွင်းရာနေရာများနှင့် နည်းပညာများအတွက် Tesla နှင့် ပိုမိုစောစီးစွာ ပူးပေါင်းခဲ့သူဖြစ်သည်။
လက်ရှိသဘောတူညီချက်များအရ မြောက်အမေရိက ရှိ လျှပ်စစ်ကား အားသွင်းရာနေရာများကို ၎င်းတို့ ကုမ္ပဏီ ၃ ခုက ပူးပေါင်း အသုံးပြုသွားဖွယ်ရှိနေသည်။
Tesla ၏ အားသွင်းမှု မြန်ဆန်သော လျှပ်စစ်ကား Charging Ports နေရာ ၁၂,၀၀၀ ကို General Motors က အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး အဆိုပါ ကိစ္စအတွက် EV charging app ၁ ခုကိုလည်း လာမည့် နှစ်တွင် စတင် အသုံးပြုသွားမည်ဖြစ်သည်။
GM ၏ အမှုဆောင်ချုပ်ဖြစ်သူ မေရီ ဘာရာ (Mary Barra) က ကုမ္ပဏီ ၂ ခု အကြား သဘောတူညီချက်ကြောင့် GM သည် ဒေါ်လာ သန်း ၄၀၀ အထိ စရိတ်ချွေတာနိုင်ရန် ခန့်မှန်းထားသည်ဟု ပြောကြားခဲ့သည်။
Ford-Tesla လုပ်ငန်း ၂ ခု အားသွင်းရာနေရာ သဘောတူညီချက်ရခဲ့သည့် ပြီးခဲ့သည့် လ ကြေညာချက်ထွက်လာစဉ်ကလည်း Wall Street ရှိ ဈေးကွက်သုံးသပ်သူများက ၂ ဖက်လုံး အကျိုးရှိသည့် Win-Win ဖြစ်ရပ်ဖြစ်ကြောင်း ဆိုခဲ့ပြီး ကုမ္ပဏီ ၂ ခု စလုံး၏ ရှယ်ယာတန်ဖိုးသည်လည်း ၃% စီ မြင့်တက်ခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, Green Car Reports,
Image: PCMagUK