ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုဟာ အမေရိကန်နိုင်ငံအတွင်း မြန်ဆန်လာခဲ့ပြီးတဲ့နောက် အမေရိကရဲ့ ထိပ်တန်း ကားကုမ္ပဏီကြီးတွေဖြစ်တဲ့ ဂျင်နရယ်မော်တာ (GM) နဲ့ ဖို့ဒ် (Ford) ကားကုမ္ပဏီတွေဟာ သူတို့ရဲ့ ကော်လာဖြူဝန်ထမ်းတွေကို လာမဲ့တနင်္လာနေ့ကစလို့ အိမ်ကနေပဲအလုပ်လုပ်ခိုင်းတော့မှာ ဖြစ်ကြောင်း သောကြောနေ့မှာ အသီးသီး ကြေငြာခဲ့ကြပါတယ်။ ကော်လာဖြုဝန်ထမ်းတွေဆိုတာကတော့ စီမံခန့်ခွဲတဲ့ ဌာနကဝန်ထမ်းတွေ၊ မားကတ်တင်သမားတွေ၊ စာရင်းကိုင်ဝန်ထမ်းတွေလိုမျိုး ရုံးအဖွဲ့သားတွေကို ဆိုလိုတာပါ။
ဂျင်နရယ်မော်တာရဲ့ CEO Marry Barra ကတော့ သူတို့ဟာ အမေရိကရဲ့ နံပါတ်(၁) မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ အားလျော်စွာ ဒီလိုအခက်အခဲဖြစ်နိုင်မဲ့ အခြေအနေတွေကို ကြိုတင်တွက်ဆပြီး စီမံချက်တွေ ဆွဲပြီးသွားပြီလို့ဆိုပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဒီလိုမျိုး ဝန်ထမ်းတွေကို အိမ်ကနေပဲအလုပ်ဆင်းခိုင်းရတာ ပထမဆုံးဆိုပေမဲ့ အရင့်အရင်ကလည်း အကြပ်အတည်းတွေကို အောင်အောင်မြင်မြင်ကျော်ဖြတ်ခဲ့ဖူးတဲ့အတွက် စိုးရိမ်စရာတော့မရှိဘူးတဲ့။ နောက်ပြီး ကားထုတ်လုပ်တဲ့ စက်ရုံတွေက ပုံမှန်လည်ပတ်နေမှာဖြစ်တဲ့အတွက် ထုတ်ကုန်အတွက် ပူပန်စရာမရှိသလို ကား show room တွေဆီ အချိန်မီပို့ဆောင်နိုင်ဖို့လည်း ကြိုးစားနေကြတဲ့ အကြောင်း ထပ်လောင်းပြောကြားပါသေးတယ်။
ဂျင်နရယ်မော်တာ ကုမ္ပဏီထုတ် GMC ကားတစ်စီးကို မြင်တွေ့ရစဉ်
ဖို့ဒ် ကုမ္ပဏီရဲ့ CEO ကတော့ အမေရိကန်နိုင်ငံက ဝန်ထမ်းတွေကို အိမ်ကနေပဲအလုပ်ဆင်းခိုင်းတဲ့ ကိစ္စအပြင် တရုတ်မှာရောက်နေတဲ့ သူတို့ဝန်ထမ်းတွေကို ကူးစက်မှုနည်းတဲ့ နိုင်ငံက ရုံးခွဲတွေဆီ ရွေ့ပြောင်းဖို့လုပ်ဆောင် နေကြောင်း ရိုက်တာသတင်းဌာနကို ပြောပြပါတယ်။ နောက်ပြီး လည်ပတ်နေတဲ့ စက်ရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ လူနာတွေ့ပြီဆိုရင် အချိန်မဆိုင်းပဲ ချက်ခြင်းပိတ်ပစ်မှာ ဖြစ်ကြောင်းနဲ့ လူနာနဲ့ထိတွေ့တဲ့သူတွေကိုလည်း လိုအပ်တဲ့ ကျန်းမာရေးစောက်ရှောက်မှုတွေ ပေးသွားမှာဖြစ်ကြောင်း ပြောပြပါတယ်။ ဖို့ဒ် ကုမ္ပဏီဟာ အမေရိကန်က စက်ရုံတွေမှာ ခုထိ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားတာ မရှိသေးပေမဲ့ တရုတ်နဲ့ ဂျာမန်က စက်ရုံတွေမှာတော့ ကိုရိုနာကူးစက်မှု ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။
အမေရိကမှာတော့ Big Three လို့ခေါ်ရမဲ့ ထိပ်သီး ကားထုတ်လုပ်သူ ကုမ္ပဏီကြီး (၃) ရှိပါတယ်။ ထိပ်ဆုံးမှာတော့ အပေါ်ကပြောခဲ့တဲ့ ဂျင်နရယ်မော်တာနဲ့ ဖို့ဒ် တို့ဖြစ်ပြီး နံပါတ်(၃)ကတော့ အီတလီ-အမေရိကန် ကားကုမ္ပဏီဖြစ်တဲ့ ဖိယက်-ခရိုင်စလာ ကုမ္ပဏီ (Fiat Chrysler Automobiles) ဖြစ်ပါတယ်။ FAC ကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အင်ဒီယားနားမှာရှိတဲ့ ဂိယာဘောက်စ် စက်ရုံမှာ ကိုရိုနာဗိုင်းရပ်စ် Positive ဖြစ်တဲ့ အလုပ်သမားတစ်ယောက်တွေ့ရှိခဲ့ပြီး စက်ရုံကို ယာယီရပ်နားလိုက်ရပါသေးတယ်။ ဒါပေမဲ့ ဒီနေ့ (သောကြာနေ့)မှာ စက်ရုံပြန်လည်ပတ်ခဲ့ပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ၊ ကျန်းမာရေးစောက်ရှောက်မှုတွေကို ထပ်တိုး မြှင့်တင်ထားတယ်လို့ဆိုပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source : Reuters