0

နာမည်ကျော်လုပ်ငန်းစုကြီးတွေဟာ သူတို့ရဲ့ ကုန်ကြမ်းရယူရာလမ်းကြောင်းတွေကြောင့် သစ်တောပြုန်းတီးမှု ဖြစ်နေတာတွေကို မသိချင်ယောင်ဆောင်နေကြ

Share

အင်ဒိုနီးရှားနိုင်ငံ၊ ကာလီမန်တန် အနောက်ပိုင်းတွင် ဆီအုန်းစိုက်ပျိုးရန် တောရှင်းထားမှုမြင်ကွင်း

(Photo: Rain Forest Action Network, CC BY-NC 2.0) 

         ဒီကြေငြာချက်ကိုတော့ ကမ္ဘာပေါ်က အပူပိုင်းမိုးသစ်တောတွေရဲ့ တောပြုန်းမှုနှုန်းကို လေ့လာစောင့်ကြည့်နေတဲ့ Global Canopy ဆိုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ Global Canopy အဖွဲ့ဟာ တခြား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ မတူဘဲ သူတို့အဓိကထား လေ့လာနေတာကတော့ လူတွေရဲ့ နေ့စဉ် စားသောက်ကုန်၊ အသုံးအဆောင် ပစ္စည်းတွေ ထုတ်လုပ်ဖို့ ကုန်ကြမ်းရယူရာမှာ ဖြစ်ပေါ်လာတဲ့ သစ်တောပြုန်းတီးမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို ဖြစ်ပါတယ်။ ဥပမာ ပြောရရင် စားသောက်ကုန်လုပ်ငန်းတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုကြောင့် သစ်တောပျက်စီးခဲ့ရတာတွေ၊ နောက် အသားနဲ့ သားရေအတွက် မွေးမြူကြတဲ့ နွားမွေးမြူရေး လုပ်ငန်းတွေရဲ့ စားကျက်မြေချဲ့ထွင်မှုကြောင့် တောပြုန်းရမှုတွေ စတာတွေပဲဖြစ်ပါတယ်။
          Global Canopy အဖွဲ့က နမူနာ တင်ပြခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ နာမည်ကြီး ဈေးဝယ်ပလက်ဖောင်းဖြစ်တဲ့ Amazon တို့၊ ပြီးတော့ အမေရိကားရဲ့ တတိယအကြီးဆုံး ဘာဂါကုမ္ပဏီဖြစ်တဲ့ Wendy’s တို့၊ နောက် အာရှမှာ နာမည်ကြီးသလို ခုမြန်မာနိုင်ငံမှာလဲ စက်ရုံဆောက်ပြီး စတင်ဖြန့်ချိနေပြီဖြစ်တဲ့ Yakult နို့ထွက်ပစ္စည်းလုပ်ငန်းတို့ပါဝင်ပါတယ်။ ဒီကုမ္ပဏီတွေဟာ သူတို့ရဲ့ ကုမ္ပဏီ ပေါ်လစီမှာ ကုန်ကြမ်းရယူရာ လမ်းကြောင်းတွေကြောင့် သစ်တောပြုန်းတီးမှုကို လျှော့ချမယ်လို့ ရေးဆွဲထားခြင်းမရှိသလို မီဒီယာတွေပေါ်မှာလည်း ဘာမှ မှတ်ချက်ပေးခြင်းမရှိဘဲ ရေငုံနှုတ်ပိတ်နေကြပါတယ်။


         photo: greenpeace.org

         Global Canopy အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ရက် တုန်းက သူတို့ရဲ့ နှစ်ပတ်လည် အစီအရင်ခံစာကို ထုတ်ပြန်ခဲ့တာ့ဖြစ်ပြီး ဒီထဲမှာ ကမ္ဘာတဝှမ်းက ကုမ္ပဏီကြီး ၃၅၀ ရယ် သူ့အောက်က လက်ခွဲ ကုမ္ပဏီ ၁၅၀ရယ်ကို စောင့်ကြည့်လေ့လာမှုတွေပြုခဲ့တာဖြစ်ပါတယ်။ ဒီ ကုမ္ပဏီတွေရဲ့ ကုန်ကြမ်းရယူရာလမ်းကြောင်းတွေရယ်၊ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပေါ်လစီတွေရယ်၊ နောက် မီဒီယာနဲ့ သူတို့ရဲ့ စားသုံးသူ လူထုကြားထဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြေငြာချက်တွ လုပ်လားမလုပ်လားဆိုတာကို ထည့်သွင်း စာရင်းပြုထားတာပါ။ ဒီထဲမှာ အပေါ်က တင်ပြခဲ့တဲ့ ကုမ္ပဏီတွေအပြင် Versace, Jimmy Choo, Michael Kors စတဲ့ ဖက်ရှင်ဆိုင်တွေရဲ့ မိခင်ကုမ္ပဏီ Capri Holding၊ နောက် ဆွစ်ဇာလန်နာမည်ကြီး ဖိနပ်ကုမ္ပဏီ Bata တို့ပါပါဝင်ပါတယ်။
          ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း အပူပိုင်းသစ်တော ပြုန်းတီးမှု နှုန်းဟာ ကြောက်ခမန်းလိလိ တိုးတက်နေပြီး လူတော်တော်များများကတော့ ရေနံနဲ့ တခြား သယံဇာတတွေ တူးဖော်မှုကြောင့်လို့ သိကြပါတယ်။ တကယ်တမ်းမှာ စက်မှုကုန်ကြမ်းသီးနှံစိုက်ပျိုးမှုရယ်၊ စားကျက်မြေချဲ့ထွင်မှုတွေကလည်း ရာခိုင်နှုန်းကြီးကြီးမားမားပါဝင်နေပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတော်တော်များများကတော့ ဒီသစ်တောပြန်းတီးမှု ကွင်းဆက်မှာ သူတို့လည်း တာဝန်မကင်းကြောင်း ထုတ်ပြောဖို့ ဝန်လေးနေဆဲပါ။

ကူးယူဖော်ပြခွင့်မပြုပါခင်ဗျာ။

Source: Eco-Business

%d bloggers like this: