ဂျာမဏီနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို စနစ် အဆင့်ဆင့်ဖြင့် ပြန်လည် လည်ပတ်စေခြင်းကို ဂျာမဏီအစိုးရက ခွင့်ပြုခဲ့သော်လည်း ဆောင်ကြာမြိုင်များနှင့် ပြည့်တန်ဆာလုပ်ငန်းများကို ယခုတိုင် ပိတ်ပင်ထားခြင်းကြောင့် လိင်လုပ်သားများနှင့် လိင်လုပ်သားသမဂ္ဂတို့ဦးဆောင်၍ ဆန္ဒပြခြင်းများ ပြုလုပ်လာခဲ့သည်။
ဟမ်းဘာ့ဂ်မြို့ရှိ ရာနှင့်ချီသော ဂျာမန်လိင်လုပ်သားများက ပြီးခဲ့သည့် ရုံးပိတ်ရက်က ဆန္ဒပြခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းခွင်ရပ်ဆိုင်းခဲ့ရသည်မှာ ၄ လကျော် ကြာမြင့်ခဲ့ပြီဖြစ်၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လိုကြောင်းများကို တောင်းဆိုခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲတွင် ဆောင်ကြာမြိုင်တို့အား စီမံခန့်ခွဲသူများလည်း ပါဝင်ခဲ့သည်။
ပြည့်တန်ဆာလုပ်ငန်းသည် ဂျာမဏီ နိုင်ငံတွင် တရားဝင်လုပ်ငန်းဖြစ်ပြီး နိုင်ငံတွင်းရှိ ပြည်နယ်တိုင်းတွင် ပြည့်တန်ဆာလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အစည်းများ ရှိသည်။
ဂျာမဏီ လိင်ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့ချုပ် (Germany’s Federal Association Of Sex Services – BSD) ကိုလည်း ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့အစည်းမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကျဆင်းလာခြင်းနှင့် ပါတ်သက်၍ အိတ်ဖွင့်ပေးစာ ၁ စောင်ကိုလည်း လွှတ်တော်သို့ ပေးပို့ခဲ့သည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် ဂျာမန် ပါလီမန်အတွင်းရှိ အမတ် ၁၆ ယောက် အဆိုပြုထားသော လိင်ဝန်ဆောင်မှုလုပ်ငန်းကို အမြဲတမ်းပိတ်ပင်စေသည့် အဆိုပြုလွှာနှင့်ပါတ်သက်သော အကြောင်းအရာများပါရှိခဲ့သည်။
၎င်းစာထဲတွင် လိင်ဝန်ဆောင်မှု နယ်ပယ်ရှိ လုပ်သားများအနေဖြင့် ဝင်ငွေပြန်လည်ရရှိလာစေရန်နှင့် ၎င်းတို့ကိုစောင့်ဆိုင်းနေသော ဖေါက်သည်များအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် လုပ်ငန်းခွင်ပြန်လည် ဝင်ခွင့်ပြုရန်ဟူသော တောင်းဆိုချက်များပါဝင်ခဲ့သည်။
ကျန်းမာရေးနှင့်ပါတ်သက်၍လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကို တတ်နိုင်သမျှ အနည်းဆုံးလျှော့ချရေးအစီအစဉ်များကိုလည်း ဖေါ်ပြရေးသားထားသည်။
BSD မှ အဆိုပြုသည်မှာ ဆောင်ကြာမြိုင်များအတွင်း လိင်လုပ်သားများကို အရေအတွက်ကန့်သတ်ကာ အလုပ်လုပ်စေမည်ဖြစ်ကြောင်း၊ လုပ်ငန်းအရွယ်အစားသေးငယ်သော နေရာများတွင် အများဆုံးပမာဏ ၁၀ ဦးအထိသာ လက်ခံမည်ဖြစ်ကြောင်း၊ လုပ်ငန်းကြီးများတွင်လည်း နေရာလွတ်များရှိနေစေကာမူ ဝန်ဆောင်မှုပေးနိုင်သည့်ပမာဏများကို ကန့်သတ်ထားမည်ဖြစ်ကြောင်းများ ပါဝင်သည်။
လာရောက်မည့် ဧည့်သည်များကိုလည်း ၁ ဦး နှင့် ၁ ဦး ၁ မီတာခွဲအထိ ခွဲခွာ၍ နေစေမည်ကိုလည်း ရေးသားထားသည်။
ဂျာမန်လိင်ဝန်ဆောင်မှုအသင်း BSD က ၎င်းတို့၏ လောကတွင် သန့်ရှင်းမှုသည် အမြဲတမ်းထိပ်ဆုံးအဆင့်တွင်ရှိသည်ဟု ဆိုသည်။
သို့သော်လည်း ဂျာမန်အာဏာပိုင်များကို ထိုဈေးကွက်ကို ခွင့်ပြုရန် စဉ်းစားနေရဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကိုရိုနာကူးစက်မှုများ ဖြစ်ခဲ့လျှင် ထိတွေ့ခဲ့သူ နောက်ကြောင်းရာဇဝင်များ လိုက်ရန် ခက်ခဲခြင်းသည် အဓိက အကြောင်းရင်းဖြစ်နေကြောင်း ဆိုသည်။
အလုပ်သမားဝန်ကြီးဌာန၏ ဟမ်းဘာ့ဂ်မြို့ အလုပ်သမားနှင့် လူမှုရေးရာဌာနမှ အာဏာပိုင်များက ယခုကိစ္စကို ခွင့်ပြုလိုက်လျှင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်သွားမည်ကို စိုးရိမ်လျက်ရှိကြောင်းနှင့် ထိုအလုပ်၏ သဘောသဘာဝသည်ပင်လျှင် လူအများ အနီးကပ်ထိတွေ့နေရခြင်းဖြစ်ရာ ယခုထိ ဆုံးဖြတ်ရန် ခက်ခဲနေရကြောင်း၊ လာရောက်သည့် ဧည့်သည်စာရင်းနှင့်ပါတ်သက်၍လည်း စာရွက်စာတမ်းများမှန်ကန်မှုရှိရန် သံသယရှိနေကြောင်းများကို ထုတ်ပြန်ထားသည်။
အစိုးရအာဏာပိုင်များမှ ထုတ်ပြန်ထားချက်များသည် တရားမျှတမှုမရှိကြောင်း၊ အခြား လုပ်သားများဖြစ်သည့် ဆံပင်ညှပ်ဆိုင်ဝန်ထမ်းများ၊ အလှပြင်ဆိုင်များနှင့် တက်တူးထိုးဆိုင်များပင်လျှင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနေရာ မိမိတို့ကိုလည်း မျှမျှတတခွင့်ပြုသင့်ကြောင်းများကို ဆန္ဒပြ လိင်လုပ်သားများနှင့် ဆောင်ကြာမြိုင်ပိုင်ရှင်များက တောင်းဆိုခဲ့ကြသည်။
နောက်ဆုံးရ အချက်အလက်များအရ ဂျာမဏီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၀၁၀၀၀ ကျော်ရှိပြီး ပြန်လည်ကောင်းမွန်လာသူဦးရေ ၁၈၆၀၀၀ ကျော်ရှိခဲ့ကာ သေဆုံးသူဦးရေမှာ ၉၁၄၄ ယောက်ဖြစ်ပြီး အဆိုပါပမာဏမှာ ပြင်သစ်နိုင်ငံ၏ သေဆုံးသူဦးရေ ၃၀၀၀၀ နှင့် စာလျှင် များစွာလျော့နည်း သက်သာသည်ကို တွေ့ရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Soure: DW, CNBC Business, Financial Times
Image: Phil Clarke Hill