0

ဂျော်ဂျီယာပြည်နယ်တွင် ရုပ်သံရိုက်ကူးရေးနှင့် ရုပ်ရှင်ထုတ်လုပ်ရေးများ ပြန်လည်စတင်တော့မည်

Share

ဂျော်ဂျီယာပြည်နယ်သည် ငွေကြေးအမြတ်အစွန်းများစွာရနေသည့် ရုပ်မြင်သံကြားရိုက်ကူးရေးနှင့် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများကို ပြန်လည် လုပ်ကိုင်ရန် စိတ်အားထက်သန်နေသည်။

သောကြောနေ့တွင် ရိုက်ကူးမည့် ရိုက်ကွင်းများအတွင်း ဆောင်ရန် ရှောင်ရန် ကိစ္စများကို ထုတ်ပြန်ပေးသွားသည်ဟု သိရသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဂျော်ဂျီယာသည် ဟောလိဝုဒ်ရုပ်ရှင်လောကနှင့် အချိတ်အဆက်ရှိသည့် နေရာတစ်ခုဖြစ်လာခဲ့သည်။

ပြည်နယ်အစိုးရမှလည်း ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်မှ တဆင့် ပုံရိပ်ကောင်းများရလာစေရန် ရည်ရွယ်၍ ရုပ်ရှင်လုပ်ငန်းများအတွက် အခွန်လျှော့ပေးခြင်းများ ရှိလာခဲ့ပြီး ပြည်နယ်အတွင်း၌လည်း ရုပ်ရှင်ကျွမ်းကျင်လုပ်သားများ ရှိနေခြင်းကြောင့် နာမည်ကျော်လာခဲ့သည်။

ဂျော်ဂျီယာတွင် ရုပ်ရှင် စတူဒီယိုကြီး ၃ ခုဖြစ်သော Pinewood, Tyler Perry’s Studio နှင့် Blackhall တို့မှာ ဒစ်စနေ၏ မာဗယ်ရုပ်ရှင်ဇာတ်ကားများဖြစ်သော “Jumanji: The Next Level”, “Jungle Cruise”, “Venom” စသည့် ဇာတ်ကားကြီးများ လာရောက်ရိုက်ကူးရာ စတူဒီယိုများဖြစ်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၉ တစ်နှစ်တည်းတွင်ပင် ဂျော်ဂျီယာပြည်နယ်သို့ ရုပ်ရှင်ထုတ်လုပ်ရေးပေါင်း ၄၀၀ ခန့် လာရောက်ခဲ့ကြသည်ဟု သိရသည်။

၂၀၁၉ တွင် ဂျော်ဂျီယာ ပြည်နယ်အစိုးရသည် ရုပ်ရှင်နယ်ပယ်မှ ဝင်ငွေ ကန်ဒေါ်လာ ၃ ဘီလျံခန့် တိုက်ရိုက်ဝင်ငွေအဖြစ်ရရှိခဲ့ပြီး၊ ရုပ်ရှင်နယ်ပယ်နှင့် ဆက်စပ်၍ နိုင်ငံ့စီးပွားရေးအပေါ် ကန်ဒေါ်လာ ၆.၅ ဘီလျံခန့် အကျိုးပြုမှု ရရှိခဲ့သည်။

ပြည်နယ်အစိုးရမှ ရိုက်ကူးရေး ပြန်စနိုင်ရန် ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းများကို ထုတ်ပြန်ခဲ့သည်။

– ရိုက်ကူးရေးများတွင် ၁ ကြိမ်ရိုက်ကူးရာ၌ လိုအပ်သော လူအရေအတွက်ကန့်သတ်ခြင်း၊ လက်ဆေးရန် ပစ္စည်းများ ထားရှိခြင်း၊ တဦးနှင့် တဦး ရှိနေရာမည့် အကွာအဝေးသတ်မှတ်ချက်များ ထားရှိခြင်း၊ ကိုယ်အပူအချိန်တိုင်းခြင်းများ ရှိရမည်။

– သရုပ်ဆောင်များအနေဖြင့် ကင်မရာရှေ့ရှိမနေသည့် အချိန်များတွင် မျက်နှာဖုံး၊ ကာများ ဝတ်ဆင်ထားရမည်ဖြစ်သည်။

– ရိုက်ကူးရေး နောက်ကွယ်ရှိ လူအရေအတွက်များကိုလည်း ကန့်သတ်ရမည်ဖြစ်ပြီး လိုအပ်ပါက အဓိကသရုပ်ဆောင်များကိုသာ မိတ်ကပ်လိမ်းချယ်ပေးရမည်ဆိုသည်။

– ရိုက်ကွင်းရှာဖွေရေးနှင့် သရုပ်ဆောင်နေရာရွေးခြင်း ကိစ္စများကို Virtual – အွန်လိုင်းမှသာ လုပ်ဆောင်ရမည်ဖြစ်သည်။

– ရိုက်ကူးရေး အဖွဲ့သားများ အချင်းချင်း မိုက်များ၊ ကင်မရာများ၊ လျှပ်စစ်ပစ္စည်းများ၊ အထောက်အကူပစ္စည်းများ မျှဝေသုံးစွဲခြင်းမရှိစေရပါ။

– ရိုက်ကွင်းတွင် အစားအသောက်များ အားလုံး ထုတ်ပိုးထားသော ဘူးများ ကိုသာသုံးရမည်ဖြစ်ပြီး အသီးအရွက်များ ကိုယ်တိုင်ယူငင်စားသောက်ခြင်း၊ မုန့်များ စားသောက်ခြင်းမရှိစေပါ။

အခြား ရရှိသော သတင်းများအရ ဟောလိဝုဒ်သည်လည်း ရုပ်ရှင် ရိုက်ကူးမှုများ ပြန်လည်စတင်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: CNBC Business, Camera Ready Georgia Org

%d bloggers like this: