ကိုရိုနာကြောင့် ထိခိုက်ရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကုမ္ပဏီကြီးတွေသာမက နောက်ဆုံး နာရေးအခမ်းအနား စီစဉ်ပေးတဲ့ နာရေးခန်းမတွေပါ ပါဝင်လာပါတော့တယ်။ အစိုးရက လူစုလူဝေးလုပ်တာကို တားမြစ်လိုက်ပြီးနောက်ပိုင်း နာရေးအခမ်းအနားတွေ စီစဉ်ပေးတဲ့ နာရေးခန်းမတွေမှာ လူဦးရေ အကန့်အသတ်နဲ့လာပဲလာခွင့်ပြုတာမျိုးတွေ၊ တချို့ပြည်နယ်တွေမှာဆိုရင် ဖုန်းကနေပဲ live streaming လုပ်ပြီး ဆွေမျိုးမိတ်သင်္ဂဟတွေကို ပြပေးတာမျိုးတွေ လုပ်ပေးခဲ့ရပါတယ်။ အထူးသဖြင့် တတ်နိုင်တဲ့ လူကုံတန်တွေများတဲ့ ဝါရှင်တန်လိုနေရာမျိုးမှာ ကိုရိုနာကူးစက်မှု ပြင်းထန်ခဲ့တဲ့အတွက် အရင်ကလို ကြီးကြီးကျယ်ကျယ်နာရေး အခမ်းအနားလုပ်တာတွေရယ်၊ ဈေးကြီးတဲ့ အော်ဒါမှာအခေါင်းလုပ်ပေးရမှုတွေ အရမ်းကိုနည်းသွားခဲ့ပါတယ်။ အရင်ကဆို ဒီလိုမျိုး ထိပ်သီးပိုင်းကလူတွေ ဆုံးပါးကြရင် နာရေးကုမ္ပဏီတွေက မြိုးမြိုးမြတ်မြတ် ဝင်ငွေရတတ်ကြလို့ပါ။
နာရေးခန်းမပေါင်း ၁၅၀၀ကျော်နဲ့ သုသာန်ပေါင်း ၄၀၀ကျော်ကို စီမံခန့်ခွဲနေတဲ့ အမေရိကန်ရဲ့ နာမည်ကြီး နာရေးကုမ္ပဏီ Service Corporation International ဟာ မတ်လ ၄ရက်နေ့ကနေစလို့ ဒီနေ့ထိ သူတို့ရဲ့ ရှယ်ယာဟာ ၃၀ရာခိုင်နှုန်းလောက် ဆင်းသွားခဲ့ပါတယ်။ သူတင်မကပဲ အခေါင်းနဲ့ နာရေးပစ္စည်းထုတ်လုပ်သူ Matthews International Corp ကုမ္ပဏီဟာလည်း ပစ္စည်းရောင်းအားတွေကျပြီး ရှယ်ယာဈေးတွေလည်းကျလို့ ညည်းတွားနေပါတယ်။ သူတို့နဲ့မတူဘဲ တခြားအခက်အခဲနဲ့ ကြုံနေရတာကတောာ့ ရေခဲတိုက်နဲ့ မီးသဂြိုလ်စက်ပဲ သီးသန့်ရှိတဲ့ ကုမ္ပဏီတွေပါ။ မိသားစု စုံစုံညီညီနဲ့ နာရေးအခမ်းအနားကို ကျင်းပချင်တဲ့သူတွေက သူတို့လူရဲ့အလောင်းကို ဒီကပ်ရောဂါကြီးပြီးလို့ အခမ်းအနားတွေကျင်းပလို့ရပြီဆိုတဲ့ အချိန်အထိ ရေခဲတိုက်မှာ သိမ်းထားချင်ဆိုပြီး အပူကပ်တာနဲ့ ရင်ဆိုင်နေရပါတယ်။ လုပ်ငန်းအများစုကတော့ သိုလှောင်တဲ့နေရာအခက်အခဲကြောင့် ဒီဝန်ဆောင်မှုတော့မပေးနိုင်ကြောင်းနဲ့ မီးသဂြိုလ်တာရယ်၊ မြေချတာရယ်သာ ခုချိန်မှာ ဦးစားပေးလုပ်ဆောင်မဲ့အကြောင်း ကြေငြာထားပါတယ်။
ဒါအပြင် ဒီလုပ်ငန်းတွေအတွက် နောက်ထပ်ထိုးနှက်ချက်ကတော့ ကြိုတင်နာရေး package တွေအရောင်းထိုင်းကုန်တာပါ။ ပုံမှန်ဆိုရင် ဒီလိုမျိုး ကြိုတင်နာရေး package ဝယ်တာတို့၊ အခေါင်းကြိုဝယ်တာတို့က အသက်ကြီးပိုင်းတွေပဲ လုပ်တာဆိုတော့ ခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ကြီးပိုင်းတွေ အသေအပျောက်များတဲ့အချိန်မှာ လူကြီးတွေ တော်တော်များများက အိမ်တွင်းအောင်းနေကြသလို အပြင်လူဆီက ပိုးကူးမှာကြောက်တဲ့အတွက် အရောင်းစာရေးတွေကိုလည်း အိမ်လာအတွေ့မခံကြပါဘူး။ ဒါကြောင့်လည်း နာရေးကုမ္ပဏီတွေဟာ ထိုးနှက်ချက်ပေါင်းစုံနဲ့ရင်ဆိုင်နေရပြီလို့ ညည်းတွားနေကြတာပါ။ ခုဆိုရင် အသေအပျောက်များတဲ့ အီတလီနိုင်ငံမှာ နာရေးကိစ္စတွေကို ဆုတောင်းမေတ္တာပို့သဖို့အတွက် ဘုန်းတော်ကြီးတစ်ပါးကိုသာ ခွင့်ပြုပေးပြီး မိသားစုဝင်တွေရော၊ တခြားဘယ်အပြင်လူကိုမှ ခွင့်မပြုတော့ပါဘူး။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source : Reuters
0