အမေရိကန်ကားထုတ်လုပ်ရေးလုပ်ငန်းကြီး Ford ၏ အမှုဆောင်ချုပ်ဖြစ်သူ ဂျင်ဖာလေ (Jim Farley) က လျှပ်စစ်ကားနှင့်ပတ်သက်၍ ၎င်းတို့၏ အကြီးဆုံးပြိုင်ဘက်မှာ အမေရိကန်ဖွား Tesla မဟုတ်ကြောင်း၊ တမြို့တည်းသား ပြိုင်ဘက် General Motors လည်း မဟုတ်ကြောင်းနှင့် တရုတ်ကားထုတ်လုပ်ရေး BYD သာ အကြီးဆုံးပြိုင်ဘက်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။
အထူးသဖြင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် သူဌေး ဝါရင်းဘတ်ဖတ် ကျောထောက်နောက်ခံရှိသည့် တရုတ် BYD နှင့် အခြား တရုတ်လျှပ်စစ်ကားကုမ္ပဏီများသည် အမေရိကန် ကားလုပ်ငန်းများနှင့် တက်သစ်စ လျှပ်စစ်ကား EV Startups များထက် ရှေ့ရောက်နေကြောင်းနှင့် လျှပ်စစ်ကား ဘက်ထရီနှင့် အခြား တိုးတက်ဖြစ်ပေါ်နေသည့် နည်းပညာသစ်များတို့တွင် ဦးဆောင်နေသည်ဟု ဆိုသည်။
BYD သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်က တရုတ်ပြည်တွင် ကားအစီးရေ ၄၄၅,၀၀၀ ရောင်းနိုင်ခဲ့ရာမှ ပြီးခဲ့သည့် နှစ် တွင် အစီးရေ ၂ သန်း နီးပါး ရောင်းချနိုင်ခဲ့သည်ဟု LMC Automotive ၏ အချက်အလက်များအရသိရသည်။
Storebrand Asset Management မှ ဖိလစ် ရစ်မန်း (Philip Ripman) က BYD တွင် လျှပ်စစ်ကားထုတ်လုပ်ရေးဆိုင်ရာနှင့် ဘက်ထရီထုတ်လုပ်ရေးစက်ရုံကဏ္ဍတို့မှာ ကြီးမားသည့် နေရာများကို ပိုင်ဆိုင်ထားသည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် Ford ၏ CEO ဖြစ်သူ Farley က လက်ရှိ BYD ၏ လျှပ်စစ်ကား လစ်သီယမ် (lithium-ion) ဘက်ထရီသည် အမေရိကန်စက်မှုကဏ္ဍစံချိန်နှင့်ယှဉ်လျှင် အားသာချက်များ ရှိနေသည်ဟုဆိုသည်။
သို့သော်လည်း အမေရိကန် Ford ကုမ္ပဏီသည် တရုတ် Contemporary Amperex Technology Co., (CATL) နှင့် ဒေါ်လာ ၃.၅ ဘီလျံတန် လျှပ်စစ်ကားဘက်ထရီ စက်ရုံကို မီချီဂန်တွင် ပူးပေါင်းတည်ဆောက်ကာ လက်တွဲသွားမည်ဖြစ်ကြောင်း ယခုနှစ်အစောပိုင်းက ကြေညာထားပြီးဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, VICE, Auto Express
Image: Automotive News Europe