0

Forbes မဂ္ဂဇင်းက Kylie Jenner အား ဘီလျံနာ စာရင်းမှ ဖြုတ်ချ

Share

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာအဖြစ်သတ်မှတ်ခံခဲ့ရသည့် Kylie Cosmetics အလှကုန်ပစ္စည်းထုတ်လုပ်ရေးပိုင်ရှင် Kylie Jenner အား သူမပိုင်ကုမ္ပဏီ၏ တန်ဖိုးများကို ပိုမိုတွက်ချပြထားခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် Forbes မဂ္ဂဇင်းက ဘီလျံနာ စာရင်းမှ ဖြုတ်ချခဲ့သည်။

ကမ္ဘာ့စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ရှင်များ၏ တန်ဖိုးများကို တွက်ချက်ဖေါ်ပြနေသည့် Forbes မဂ္ဂဇင်းကြီးသည် သူမအကြောင်းကို မျက်နှာဖုံးတင်တခမ်းတနား ဖေါ်ပြခဲ့ဖူးသော်လည်း ယခုအခါ Kylie Jenner သည် အဆိုပါ ဂုဏ်ထူးနှင့် မထိုက်တန်တော့ဟု ဆိုသည်။

လူအများယုံကြည်နေသည့်အတိုင်းမဟုတ်ပဲ သူမ၏ အလှကုန်ထုတ်လုပ်ရေးလုပ်ငန်းသည် အမြတ်အစွန်းများစွာရနေသည့် လုပ်ငန်းမဟုတ်ကြောင်း၊ ကုမ္ပဏီမှာလည်း ထင်ထားသည်ထက် သေးငယ်နေကြောင်းဖေါ်ပြခဲ့သည်။

နာမည်ကျော် ကာဒေရှီယံမိသားစု The Kardashians မှ တစ်ဦးဖြစ်သူ Kylie သည် ၂၀၀၇ ခုနှစ်မှ စတင်ကာ Kim Kardasian နှင့်တွဲဖက်၍ ရုပ်သံအစီအစဉ်များတွင် ပါဝင်ခဲ့သည်။

အမေရိက တဝှမ်းလုံးတွင် လူချစ်လူခင်များသော ကိုင်လီသည် သူမဘီလျံနာဖြစ်ခါနီးဆဲဆဲ၌ သူမ၏ ပရိတ်သတ်များက အလှူငွေကောက်ခံပွဲများပြုလုပ်ကာ သူမပိုင်ဆိုင်မှု ဒေါ်လာ သန်း ၁ ထောင်ပြည့်ရန် ကြိုးစားခဲ့ကြသေးသည်။

သူမအား Forbes မဂ္ဂဇင်းကပင် အသက်အငယ်ဆုံး ဘီလျံနာဖြစ်ပြီဟု ကြေငြာသည့် အချိန်တွင် Kylie သည် အသက် ၂၁ သာ ရှိနေသေးသည်။
ယခုအခါတွင် Kardashian အုပ်စုနှင့် Kylie ၏ ရှေ့နေတို့က ယခုဖြစ်စဉ်များမှာ မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားကြသည်။

Forbes မဂ္ဂဇင်းက ရုပ်သံစတား Kylie သည် သူမကုမ္ပဏီ၏ ရှယ်ယာအများစုကို ရောင်းချရာတွင် တန်ဖိုးများကို ရှိသင့်သည်ထက် ဖေါင်းပွအောင်လုပ်ဆောင်ခဲ့သည်ဟု ဖေါ်ပြခဲ့သည်။

သူမသည် ယခုနှစ်အစောပိုင်းက ရှယ်ယာ ၅၁% ကို Coty Inc သို့ ဒေါ်လာ ၁.၂ ဘီလျံဖြင့်ရောင်းချခဲ့သည်။

လုပ်ငန်းအနေဖြင့် အများပြည်သူ့ရှေ့တွင် သူမကြေငြာသကဲ့သို့ မည်သည့်အခါကမျှ မကြီးမားခဲ့ကြောင်း၊ သူမတို့ မိသားစုအနေဖြင့် လုပ်ငန်း၏ ကိစ္စများနှင့်ပက်သက်၍ လိမ်လည်ပြောဆိုခဲ့ခြင်းများမှာ ၂၀၁၆ ခုနှစ်ကတည်းက ဖြစ်ကြောင်း၊ ကိုင်လီ၏ ဝင်ငွေများနှင့် အသားတင်တန်ဖိုးတွက်ချက်မှုများအပေါ် Forbes မဂ္ဂဇင်းတွက်ချက်နိုင်ရန် ပေးပို့သည့် စာရင်းကိုင်၏ ကိန်းဂဏန်းများသည်ပင် အမှားများဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။

Kylie Jenner သည် Twitter ပေါ်၌ သူမအနေဖြင့် မည်သည့် Title (ဘီလျံနာအမည်ပေါက်) ရရန်မျှ ကြိုးစားခဲ့ခြင်းမရှိကြောင်း၊ သူမ၏ ရပ်တည်မှုအတွက်လည်း မည်သူ့ကိုမျှ မလိမ်ဖူးကြောင်း၊ မြင်နေရသည့် စွတ်စွဲဖေါ်ပြချက်များမှာ တိကျမှုမရှိသည့်အရာများသာဖြစ်ကြောင်း ရေးသားခဲ့သည်။

Forbes မဂ္ဂဇင်း၏ ပြောရေးဆိုခွင့်ရှိသူ Matthew Hutchison က မဂ္ဂဇင်းအနေဖြင့် အထူး စုံစမ်းစစ်ဆေးမှုများကို စတင်နေပြီဖြစ်ကြောင်း၊ သတင်းစာနှင့် အများပြည်သူသို့ တင်ပြရမည့် အချက်အလက်များနှင့် ရှယ်ယာပိုင်ရှင်များထံသို့ တင်ပြသည့် အချက်အလက်များလွဲနေခြင်း၊ အသစ်ပြုစုထားသည့် စာရွက်စာတမ်းများကြောင့် စုံစမ်းရေးကို စတင်လိုက်ပြီဟု ဆိုသည်။

Kylie Jenner နှင့် Forbes မဂ္ဂဇင်းတို့ဖြစ်ရပ်များကြောင့် Wall Street ရှိ စတော့ဈေးကွက်သို့လည်း သက်ရောက်မှုများရှိခဲ့ပြီး သူမ၏ ရှယ်ယာများကို ဝယ်ယူထားသည့် Coty Inc. ၏ ရှယ်ယာတန်ဖိုး ၁၃% ခန့် ကျဆင်းခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: Business Insider, South China Morning Post, Fox Business

%d bloggers like this: